CNI International News

ဒိုဟာ၊ စက်တင်ဘာ ၁၁

အစ္စရေးက ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့တော်ရှိ ဟားမာ့စ်ခေါင်းဆောင်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ဟားမာ့စ်အဖွဲ့၏ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းသူများ အပါအဝင် ဟားမာ့စ်ထိပ်သီး ခေါင်ဆောင်များကို ပစ်မှတ်ထားကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

ကာတာနိုင်ငံကမူ အစ္စရေး၏ တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေနှင့် ကာတာ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။

ထို့ပြင် နိုင်ငံတကာကလည်း ကာတာနိုင်ငံအတွင်းသို့ တိုက်ခိုက်ခဲ့သော အစ္စရေးကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့ ကြသည်။

အစ္စရေးသည် ဒိုဟာမြို့တော်ရှိ နိုင်ငံခြားသံရုံးများ၊ စာသင်ကျောင်းများ၊ စူပါမားကက်များနှင့် လူနေတိုက်ခန်း အိမ်ရာများတည်ရှိသည့် West Bay Lagoon ဒေသကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးအရာရှိတွေကိုတွေ့ရစဉ်

ထိုတိုက်ခိုက်မှုသည် ဟားမာ့စ်အဖွဲ့၏ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ဟားမာ့စ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုသည် အစ္စရေးက ကာတာကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ဟားမာ့စ်အဖွဲ့၏ နိုင်ငံရေး ခေါင်းဆောင်များသည် ဒိုဟာမြို့တော်တွင် လွန်ခဲ့သည့် နှစ်များကတည်းက အခြေချ နေထိုင်ခဲ့ကြသည်။

အစ္စရေးအရာရှိတစ်ဦးက ထိုတိုက်ခိုက်မှုသည် ကာတာတွင် နေထိုင်သည့် ဂါဇာဒေသ အကြီးအကဲနှင့် ဟားမာ့စ် အဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအရာရှိ ခါလီ  အယ်ဟေယာ (Khalil al-Hayya) အပါအဝင် ဟားမာ့စ်ခေါင်းဆောင် များကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ကမူ အစ္စရေး၏ ဂျေရုဆလင် (Jerusalem) မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကို တုံ့ပြန်သည့် အနေဖြင့် ဒိုဟာမြို့တော်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကာတာနိုင်ငံအတွင်း အစ္စရေးတိုက်ခိုက်မှုကို တွေ့ရစဉ်

စက်တင်ဘာ ၈ ရက်က အစ္စရေး၏ အရှေ့ဂျေရုဆလင်ရှိ ဘတ်စ်ကား မှတ်တိုင်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့သည် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ဒိုဟာတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုသည် တရားမျှတမှုရှိသည်ဟု ယူဆကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။

ဟားမာ့စ်အဖွဲ့ကမူ ဒိုဟာတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့ဝင် ၅ ဦး သေဆုံးသွား ခဲ့သော်လည်း ထိပ်သီးခေါင်းဆောင်သည် အသက်ရှင်လျက် လွတ်မြောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: DW