CNI International News

တဲလ် အဗစ်၊ စက်တင်ဘာ ၁၀

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို စစ်ဆင်ရေး ချဲ့ထွင်ရန် စီစဉ်ထားသဖြင့် ဂါဇာစီးတီး မြို့တွင် နေထိုင်သူ အားလုံးကို နေရာ ရွှေ့ပြောင်းကြရန်  စက်တင်ဘာ ၁၀ ရက်က တိုက်တွန်းခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုကြေညာချက်သည် လက်ရှိ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေချိန်တွင် ဂါဇာစီးတီးမြို့ခံ အားလုံးကို ရွှေ့ပြောင်းရန် ပထမဆုံး သတိပေးချက် တစ်ခုဖြစ်ခဲ့သည်။

အစ္စရေးသည် ဂါဇာရှိ ဟားမာ့စ်အဖွဲ့ အသုံးပြုနေသည့် အထပ်မြင့် အဆောက်အအုံ ၃၀ ကို ဖျက်ဆီးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် (Israel Katz) က စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိ အချိန်အထိ အစ္စရေးသည် ဟားမာ့စ်တို့ အသုံးပြုခဲ့သည့် အထပ်မြင့် အဆောက်အအုံ ၅၀ ထက်မနည်းကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

 

ကက်ဇ် ပြောခဲ့သည့် အထပ်မြင့် အဆောက်အအုံများနှင့် နေတန်ယာဟု ပြောခဲ့သည့် အထပ်မြင့် အဆောက်အအုံ များသည် တူညီမှု ရှိ၊ မရှိ ရှင်းလင်းစွာ မသိရသေးပေ။

ပြီးခဲ့သည့် ရက်များအတွင်း အစ္စရေးသည် ဂါဇာစီးတီးမြို့ရှိ အထပ်မြင့် အဆောက်အအုံ အများအပြားကို ဖျက်ဆီး ခဲ့သည်။

ဟားမာ့စ်အဖွဲ့သည် ထိုအထပ်မြင့် အဆောက်အအုံများတွင် ထောက်လှမ်းရေး ကိရိယာများ တပ်ဆင်ခဲ့ကြောင်း အစ္စရေးက စွပ်စွဲခဲ့သည်။

လက်ရှိတွင် ဂါဇာစီးတီးမြို့တွင် ပါလက်စတိုင်း ၁ သန်းခန့် နေထိုင်လျက်ရှိပြီး ၎င်းတို့အနက် မြို့ခံအနည်းငယ်သာ နေရာရွှေ့ပြောင်းသွားခဲ့သည်။

ဂါဇာစီးတီးမြို့မှ ဒေသခံများ ရွှေ့ပြောင်းရေးသည် မလွှဲသာမရှောင်သာ အခြေအနေဖြစ်ပြီး ပါလက်စတိုင်း မိသားစု များအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ရယူရန် ဂါဇာတောင်ပိုင်းသို့ သွားရောက်ကြရန် အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အဗီချေး အန်ဒရာအီက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

Source: အေပီ