CNI International News

ဘေရွတ်၊ သြဂုတ် ၂

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ သေဆုံးသွားခြင်း က ဂါဇာစစ်ပွဲ ကျယ်ပြန့်လာနိုင်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အီရန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဟားမာ့စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ ( Ismail Haniyeh) နှင့် သက်တော်စောင့်တို့၏ ဈာပနအခမ်းအနားကို တီဟီရန် (Tehran) မြို့တော်တွင် သြဂုတ် ၁ ရက်က ပြုလုပ်ခဲ့သည်။

တီဟီရန် တက္ကသိုလ်တွင် ပြုလုပ်သည့် ထိုဈာပနအခမ်းအနား၌ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က ဟာနီယာ၏ အခေါင်းဘေးတွင် ဝတ်ပြုဆုတောင်းပေးခဲ့ပြီး အီရန်သမ္မတသစ် မာဆွတ် ပီက်ရှ်ကီယန် (Masoud Pezeshkian) ကလည်း ခါမေနီ၏ နံဘေးတွင် ရပ်နေခဲ့သည်။

ထို့နောက် ဟာနီယာ၏အခေါင်းကို ထရပ်ကားထဲ ထည့်ပြီးနောက် တီဟီရန်မြို့တော်ရှိ အဇာဒီရင်ပြင် (Azadi Square) သို့ ပို့ဆောင်ခဲ့သည်။ 

 ဟားမာ့စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာရဲ့ ရုပ်အလောင်းကို သယ်နေကြစဉ်

တီဟီရန်တွင် ဈာပနအခမ်းအနားများ ပြီးဆုံချိန်၌ ဟာနီယာ၏ အလောင်းကို မြေမြှုပ်သဂြိုဟ်ရန်အတွက် ဩဂုတ် ၂ ရက်တွင် ကာတာနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်မည်ဖြစ်သည်။

ဟာနီယာသည် အီရန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် တီဟီရန်မြို့တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

သူသည် ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်၊ ဟစ်ဇ်ဘိုလာခေါင်းဆောင်များနှင့် အတူယှဉ်တွဲထိုင်ခဲ့ပြီး အီရန်သမ္မတနှင့် ပွေ့ဖက်နေသည့်ပုံံများ ထွက်ပေါ်ခဲ့သည်။

ဟာနီယာသည် ခါမေနီနှင့်လည်း တွေ့ဆုံခဲ့သည်။

ထို့နောက် နာရီပိုင်းအကြာတွင် တီဟီရန်မြို့တော်ရှိ ဟာနီယာနေထိုင်သည့် နေအိမ်၌ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်။

အီရန်ခေါင်းဆောင်ကို တွေ့ရစဉ်

အီရန်အာဏာပိုင်များကမူ ထိုတိုက်ခိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အစ္စရေးကမူ ဂါဇာစစ်ပွဲ ဖြစ်ပွားစေခဲ့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှု ကို ကြိုးကိုင်သည့် ဟာနီယာနှင့် အခြား ဟားမာ့စ် ခေါင်းဆောင်များကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။

အစ္စရေးသည် လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်ရှိ အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့၏ ထိပ်သီး တပ်မှူးတစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် တီဟီရန်မြို့တော်ရှိ ဟာနီယာနေထိုင် သည့် နေအိမ်၌ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အီရန်သည် ဂါဇာစစ်ပွဲတွင် အစ္စရေးနှင့် တိုက်ခိုက်နေသည့် ဟားမာ့စ်အဖွဲ့ အပါအဝင် ဟစ်ဘိုလာအဖွဲ့နှင့် အခြား ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ပေးလျက်ရှိသည်။

Source: အေပီ