CNI International News

တီဟီရန်၊ သြဂုတ် ၁

အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သော ခေါင်းဆောင် အစ္စမေးလ်ဟာနီရာအတွက် အစ္စရေးကို လက်တုန့်ပြန်ရန် ဟားမာ့စ်အဖွဲ့က ပြင်ဆင်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်(Tehran)တွင် အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီရာ(Ismail Haniyeh) သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့ခွဲက ဟာနီရာ သေဆုံးမှုအကြောင်း ထုတ်ပြန်ချက်တွင် တီဟီရန်မြို့တော်ရှိ ၎င်း၏နေအိမ်တွင် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟာနီရာသည် ဇူလိုင် ၃၀ ရက်က အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်(Masoud Pezeshkian)၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ရန်အတွက် တီဟီရန်မြို့တော်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

ဟာနီရာသည် ၎င်း၏ သက်တော်စောင့်များမှ တစ်ဦးနှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အီရန်၏တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အစ္စရေးလေကြောင်း တိုက်ခိုက်မှုခံလိုက်ရသော အစ္စမေးလ်ဟာနီရာရဲ့ နေအိမ်ကိုတွေ့ရစဉ်

"တီဟီရန်မှာရှိတဲ့ Hamas Islamic Resistance အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာရုံးအဖွဲ့အကြီးအကဲ အစ္စမေးလ်ဟာနီရာရဲ့ နေအိမ်ကို လေကြောင်း တိုက်ခိုက်ခံရတဲ့အတွက် ဟာနီရာနဲ့ သူ့ရဲ့သက်တော်စောင့်တွေထဲက တစ်ဦး သေဆုံးခဲ့ ပါတယ်" ဟု အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ Sepah သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဟာနီရာ မည်သို့မည်ပုံ သေဆုံးခဲ့ကြောင်း အီရန်က အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိဘဲ ယင်းတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

ဟားမာ့စ်ကမူ ထိုလေကြောင်း တိုက်ခိုက်မှုသည် ၎င်းတို့၏ ရည်မှန်းချက်များကို ပြည့်မီသွားနိုင်မည် မဟုတ်ဘဲ တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု သတိပေးခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ အကြီးတန်းတာဝန်ရှိသူ မူဆာအဘူမာဇွတ်(Musa Abu Marzuk)က ဟာနီရာကို သတ်ဖြတ်ခြင်း သည် အဖြေထွက်လာလိမ့်မည် မဟုတ်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်(Mahmud Abbas)က ယင်းလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အား သူရဲဘောကြောင်သည့် လုပ်ရပ်ဟု ပြစ်တင်ပြောကြားခဲ့ကာ အစ္စရေးကို ဆန့်ကျင်ရာတွင် ပါလက်စတိုင်း ဒေသခံများအားလုံး စည်းလုံးညီညွတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အီရန်နိုင်ငံပိုင် မီဒီယာတွင် ဟာနီရာ သေဆုံးမှုအကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်က ၎င်းတို့အနေ ဖြင့် ပြည်ပမီဒီယာများ၏ သတင်းဖော်ပြချက်များအပေါ် တုန့်ပြန်သွားမည် မဟုတ်ကြောင်း စီအန်အန်သတင်းဌာန သို့ ပြောကြားခဲ့သည်။

Source – Reuters