CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၀

အမေရိကန်သည် ဟားမာ့စ် (Hamas) စစ်သွေးကြွများနှင့် စစ်ပွဲဖြစ်ပွားနေသည့် အစ္စရေးကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် အစ္စရေးနိုင်ငံအနီးသို့ စစ်သင်္ဘောများနှင့် လေယာဉ်များ စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ပြောသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ဟားမာ့စ်၏ ပြင်းထန်သည့်် တိုက်ခိုက်မှုများသည် အစ္စရေးနှင့်ဆော်ဒီ ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်မှု အလားအလာကို အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အမေရိကန် အစိုးရက ယူဆထားချိန်တွင် အော်စတင်၏ ပြောကြားချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

ဟားမာ့စ် လက်နက်ကိုင်များသည် ဆယ်စုနှစ် များစွာအတွင်း အစ္စရေးနိုင်ငံတွင် သွေးထွက်သံယို အများဆုံး တိုက်ခိုက်မှု တစ်ခုအဖြစ် အောက်တိုဘာ ၈ ရက်က အစ္စရေးနိုင်ငံ၏ မြို့များကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ 

အစ္စရေးကလည်း ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာ ၈ ရက်တွင် ဂါဇာ ကမ်းမြောင် ဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့သည်။

ဘိုင်ဒန်နဲ့ နေတန်ယာဟုကို တွေ့ရစဉ်

အဆိုပါ တိုက်ခိုက်မှုများကြောင့် နှစ်ဖက်စလုံးတွင် သေဆုံးသူ ရာနှင့်ချီရှိခဲ့သည်။

ထိုပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသတွင် အကြီးဆုံး စစ်ပွဲအသစ်တစ်ခု စတင်ပေါ်ပေါက် လာနိုင်မည့် အခြေအနေကို ခြိမ်းခြောက်နေသည်။

သေဆုံးသူများထဲတွင် အမေရိကန်နိုင်ငံသား ၃ ဦးထက်မနည်း ပါဝင်သည်ဟု CNN သတင်းဌာနက အောက်တိုဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က  USS Gerald R.Ford Carrier လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုကို မြေထဲပင်လယ် အရှေ့ပိုင်းမှ အစ္စရေးနိုင်ငံအနီးသို့ သွားရောက် ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်ကိုတွေ့ရစဉ်

ထိုစစ်သင်္ဘောအုပ်စုတွင် ပဲ့ထိန်းစနစ်တိုက် ခရုဇာ စစ်သင်္ဘောကြီး တစ်စင်း (guided missile cruiser) နှင့် ပဲ့ထိန်းစနစ်တပ် ဖျက်သင်္ဘော လေးစင်း (guided missile destroyer) ပါဝင်သည်။ 

အမေရိကန်သည် ထိုဒေသတွင် အမေရိကန်လေတပ်မှ F-35 ၊ F-15 ၊ F-16 နှင့် A-10 တိုက်လေယာဉ်များကို တိုးမြှင့် ဖြန့်ကြက်ချထားရန် အစီအစဉ်များကိုလည်း လုပ်ဆောင်ခဲ့သည်ဟု အော်စတင်က ပြောကြားခဲ့သည်။ 

ထို့ပြင် အမေရိကန်သည် အစ္စရေးကို လက်နက်ခဲယမ်းများလည်း ထောက်ပံ့ပေးသွားမည်ဟု ၎င်းက ဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) တို့သည် အောက်တိုဘာ ၈ ရက်က ဖုန်းဆက်သွယ်၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစ္စရေးတပ်ဖွဲ့များအတွက် နောက်ထပ် ကူညီထောက်ပံ့မှုများကို ပို့ဆောင်ထားကြောင်းနှင့် လာမည့် ရက်ပိုင်းအတွင်း နောက်ထပ် ကူညီထောက်ပံ့မှုများ ဆက်လက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဘိုင်ဒန်က နေတန်ယာဟုကို ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ဒုသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) နှင့် အစ္စရေးသမ္မတ အိုင်းဆက် ဟာဇော့ (Issac Herzog) ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်နှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) တို့သည်လည်း အစ္စရေးအား အမေရိကန်၏ ကူညီထောက်ပံ့မှုများနှင့်ပတ်သက်ပြီး တယ်လီဖုန်းဖြင့်် ဆက်သွယ် ဆွေးနွေးခဲ့ကြသည်။

Source: ရိုက်တာ