CNI International News

ဘန်ကောက်ပို့စ်၊ အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံတွင် ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း ဝီချစ် ဝီချစ်မန်(Vichit Vichitmarn) ဓားထိုး အသတ်ခံ ခဲ့ရမှု၌ လူသတ်မှုဖြင့် ဖမ်းဆီးရန် အလိုရှိနေသည့်် မြန်မာလူငယ်တစ်ဦးသည် အောက်တိုဘာ ၉ ရက်က ချင်းရိုင် (Chiang Rai)မှ နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေး ဝင်ရောက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ  ဖော်ပြခဲ့သည်။ 

ထိုလူသတ်မှု မတိုင်မီ၊ လူသတ်မှု အချိန်အတွင်းနှင့် လူသတ်မှုအပြီး ဖြစ်စဉ် အသေးစိတ် အချက်အလက်များကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုအချိန်အထိ ထိုလူသတ်မှုတွင် တစ်ဦးတည်းသော သံသယရှိသူမှာ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းမြတ်မိုး (Sai Myat Moe) ဖြစ်ကြောင်း ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် အက်တာပို အနူစစ် (Attapol Anusit) က ပြောကြားခဲ့သည်။

အသက် ၆၃ နှစ်အရွယ် သံအမတ်ဟောင်း ဝီချစ် ဝီချစ်မန် (Vichit Chitvimarn) ၏ ရုပ်အလောင်းကို ဘန်ကောက် မြို့တော် ချတ်တူချက် (Chatuchak) ခရိုင်ရှိ သုံးထပ်တိုက်၏ ဒုတိယထပ်မှ အိမ်သာထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ် သည်။

 ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို တွေ့ရစဉ်

သေဆုံးသူသည် စက်တင်ဘာ ၉ ရက်က ထိုအိမ်သို့ ပြောင်းရွှေ့လာခဲ့ပြီး တစ်ဦးတည်း နေထိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းသံအမတ်ဟောင်း သေဆုံးမှုဖြင့် သံသယရှိသူသည် စက်တင်ဘာ ၁၉ ရက်ကတည်းက သေဆုံးသူအတွက် အလုပ်လုပ်ကိုင် ပေးခဲ့သူဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ 

သံသယရှိသူသည် ဆေးသုတ်သမား တစ်ဦးဖြစ်သည်ဟု ရဲချုပ် အက်တာပိုက ပြောသည်။ 

သေဆုံးသွားသည့် ထိုင်းသံအမတ်ဟောင်း နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်

CCTV မှတ်တမ်းများတွင် သံသယရှိသူသည် သေဆုံးသူ၏ နေအိမ်သို့ စက်တင်ဘာ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ သည်ကို မြင်တွေ့ရသည်။ ဝီချစ်ကလည်း သံသယရှိသူကို ဂိတ်တံခါးဖွင့်ပြီး အိမ်ထဲဝင်ခွင့် ပေးခဲ့သည်ကို မြင်တွေ့ရ သည်။

သုံးရက်အကြာတွင် သံသယရှိသူသည် သေဆူံးသူကို ပထမထပ်တွင် ဓားဖြင့် တိုက်ခိုက်ခဲ့ဖွယ်ရှိကြောင်း၊ ထို့နောက် သေဆုံးသူသည် ဒုတိယထပ်သို့ လွတ်မြောက်ရန် ထွက်ပြေး သွားဖွယ်ရှိကြောင်း၊ ဒုတိယထပ် အိမ်သာ ထဲတွင် သံသယရှိသူက သေဆုံးသူကို ATM ကဒ် password ပေးရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ သံသယရှိသူသည် သေဆုံးသူကို ဓားဖြင့် အသေတိုက်ခိုက်ခဲ့ပြီး တန်ဖိုးရှိသည့် ပစ္စည်းများကို ခိုးယူထွက်ပြေး သွားဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သေဆုံးသူ ဝီချစ်၏ မိုဘိုင်းဖုန်းများနှင့် တက်ဘလက် ကွန်ပြူတာများသည်  ထိုအိမ်မှ ပျောက်ဆုံးနေပြီး လက် ဖာရို(Lat Phro) ခရိုင်ရှိ ATM မှ ဝီချစ်၏ အကောင့်ထဲမှ ငွေကြေးများလည်း ထုတ်ယူခံထားရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထို့နောက် သံသရှိသူသည် မိုချစ် (Mo Chit) ဘတ်စ်ကားမှတ်တိုင်မှ မြန်မာနယ်စပ်ရှိ ချင်းရိုင်ပြည်နယ်သို့ ထွက်ခွာ သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုသံသယရှိသူသည် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၂၂ မိနစ်တွင် မယ်ဆိုင် (Mae Sai)မှ တဆင့် မြန်မာ နိုင်ငံထဲသို့ ဝင်ရောက် ထွက်ပြေးသွားခဲ့သည့် သတင်းကို ရရှိခဲ့သည်ဟု ရဲချုပ် အက်တာပိုက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်