CNI International News

မော်စကို၊ ဩဂုတ် ၂၈

အစ္စရေးနှင့် ဟားမာ့စ်အကြား ဖြစ်ပွားနေသည့် စစ်ပွဲတွင် အမေရိကန်၏ ကြားဝင်စွက်ဖက်မှုသည် အောင်မြင်ခဲ့ ခြင်း မရှိသဖြင့် အမေရိကန်ကာကွယ်ရေးလော်ဘီများသည် စစ်ပွဲကို ပိုမိုကျယ်ပြန့်စေရန် လုပ်ဆောင်နေသည်ဟု အမေရိကန်ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ရုရှား၏ Sputnik သတင်းဌာနမှ ဖော်ပြခဲ့သည်။

ဂါဇာစစ်ပွဲတွင် အစ္စရေးသည် အမေရိကန်၏ အကာအကွယ်ကို အပြည့်အဝ မရကြောင်း ပြသနေပြီး လက်ဘနွန် နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။

အဆိုပါ စစ်ပွဲ ပိုမိုကျယ်ပြန့်လာမည့် အခြေအနေသည် အစ္စရေးအစိုးရအတွက် စိုးရိမ်စရာကောင်းကြောင်း အမေရိကန်  ကာကွယ်ရေးဝန်ကြီးရုံးတွင် ထိပ်သီးလုံခြုံရေးမူဝါဒ ကျွမ်းကျင်သူအဖြစ် ကာလကြာရှည် ထမ်းဆောင်ခဲ့ဖူးသည့် မိုက်ကယ် မာလွတ်ဖ် (Michael Maloof) က ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့သည် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းကတည်းက အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း ကြီးမားကျယ်ပြန့်သည့် စစ်ပွဲဖြစ်လာမည့် အခြေအနေကို ရောက်ရှိစေခဲ့သလို အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများအတွက် အဟန့်အတား ဖြစ်စေခဲ့သည်ဟု အမေရိကန်မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်နိုင်မည် မဟုတ်သဖြင့် ပဋိပက္ခသည် ပိုမိုအရှိန်မြင့်တက်လာသည်ဟု မာလွတ်ဖ်က ပြောသည်။

"နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် အားထုတ်ကြိုးပမ်းတာမျိုး မရှိပါဘူး။ အပစ်အခတ် ရပ်စဲဖို့ လုပ်မယ်ဆိုရင် သူ့ရဲ့ ပုံရိပ်ကျဆင်းသွားပါလိမ့်မယ်။ ဒါအပြင် အစ္စရေးအစိုးရအဖွဲ့ထဲက သဘောထား တင်းမာတဲ့ ဝန်ကြီးတွေနဲ့လည်း ထိပ်တိုက်တွေ့လာနိုင်ပါတယ်။ အဲဒါကြောင့် သူတို့ဟာ ဂါဇာ၊ အနောက်ဘက် ကမ်းနဲ့ အခုဆိုရင် လက်ဘနွန်နိုင်ငံတွေကိုပါ တိုက်ခိုက်နေတာဖြစ်ပါတယ်" ဟု မာလွတ်ဖ်က ပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော်ကိုတွေ့ရစဉ်

အစ္စရေးသည် လက်ဘနွန်ကို တိုက်ခိုက်မည့် အစီအစဉ်ကို အမေရိကန်ကို ကြိုတင် အသိပေး အကြောင်းကြား ခဲ့သည်ဆိုသည့် သတင်းသည် ဩဂုတ် ၂၅ ရက်က ပထမဆုံး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်ကာကွယ်ရေး လော်ဘီများကလည်း စစ်ပွဲကို ဆက်လက် ဖြစ်ပွားစေချင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်တွင် ဟစ်ဇ်ဘိုလာ တပ်မှူး ဖူအက် ရှူကာ (Fuad Shukr) သတ်ဖြတ် ခံရမှုကို လက်တုန့်ပြန်သည့် အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးကို ဒုံးကျည်အစင်း ၃၂၀ ကျော်နှင့် ဒါဇင်နှင့်ချီသည့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

အမေရိကန်အစိုးရရှေ့နေ စတိဗ် ဂျေးလ် (Steve Gill) ကမူ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ် နိုင်ပြီဟု ယူဆနေသဖြင့် လက်ဘနွန်နိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်နေသည်ဟု ပြောကြားခဲ့သည်။

"ဒါပေမယ့် သူတို့ (အစ္စရေး) အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို ဆက်ပြီး တိုက်မယ်ဆိုရင် ဟစ်ဇ်ဘိုလာတွေရဲ့ တုန့်ပြန် တိုက်ခိုက်မှုဟာ ဟားမာ့စ်အဖွဲ့ထက် ၁၀ ဆ ပိုမိုပြင်းထန်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဟစ်ဇ်ဘိုလာအဖွဲ့မှာ လက်နက်ကိုင်အင်အား၊ ရော့ကတ်တွေ၊ ဒုံးကျည်တွေက ဟားမာ့စ်အဖွဲ့ထက် ပိုမိုများပြားနေလို့ပါပဲ" ဟု ဂျေးလ်က ပြောကြားခဲ့သည်။

Source: Sputnik