CNI International News
တီဟီရန်၊ အောက်တိုဘာ ၂၈
အီရန်၏ စစ်ရေးပစ်မှတ်များကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရန်က အရေးတယူ ပြောဆိုခဲ့ခြင်းမရှိဘဲ ထိုတိုက်ခိုက်မှုများကြောင့် အနည်းငယ်သာ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန်၌ တင်းမာမှုများကို လျှော့ချရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က တိုက်တွန်းနေချိန်မှာပဲ အီရန်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေး တိုက်လေယာဉ်များသည် အောက်တိုဘာ ၂၆ ရက် အရုဏ်တက်ချိန်မတိုင်မီ အီရန်၏ မြို့တော် တီဟီရန် (Tehran) နှင့် အီရန် အနောက်ပိုင်းဒေသရှိ ဒုံးကျည်စက်ရုံများနှင့် အခြားစစ်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံအတွင်းက ကြော်ငြာဆိုင်းဘုတ်ကို တွေ့ရစဉ်
ထိုတိုက်ခိုက်မှုသည် အောက်တိုဘာ ၁ ရက်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် အစင်း ၂၀၀ ခန့်ဖြင့် ပစ်ခတ်ခဲ့သည့် အီရန်၏ တိုက်ခိုက်မှုကို တုန့်ပြန်ခြင်းဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး အီရန်အနေဖြင့် ယခုတိုက်ခိုက်မှုကို တုန့်ပြန်ခြင်းမပြုရန် အစ္စရေးက သတိပေးခဲ့သည်။
အီရန်ကမူ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အီရန်သည် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် တာဝန်ဝတ္တရားနှင့် အခွင့်အရေးရှိကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အီရန်တွင်လည်း တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သဖြင့် အီရန်၏ ယခုထုတ်ပြန်ချက်သည် ယခင်ထုတ်ပြန်ချက်များနှင့် နှိုင်းယှဉ်ပါက သဘောထား ပျော့ပြောင်းလာသည်ကို မြင်တွေ့ရသည်။
အီရန်နိုင်ငံအတွင်းက ကြော်ငြာဆိုင်းဘုတ်ကို တွေ့ရစဉ်
အစ္စရေးစစ်လေယာဉ်များသည် အီရန်၏မြို့တော် တီဟီရန်၊ အီလမ် (Ilam) နှင့် ခူဇက်စတန် (Khuzestan) ပြည်နယ်များရှိ ရေဒါစနစ်များကို ပစ်မှတ်ထားရန် အသေးစား လက်နက်ထိပ်ဖူးများအား အသုံးပြုခဲ့ကြောင်း အီရန်စစ်တပ်က ပြောကြားခဲ့သည်။
"ရန်သူ့လေယာဉ်တွေကို ကျနော်တို့နိုင်ငံရဲ့ လေပိုင်နက်ထဲကို အလုံးစုံမဝင်ရောက်နိုင်အောင် တားဆီးခဲ့ပါတယ်။ အဲဒါကြောင်း တိုက်ခိုက်မှုဟာ ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့ပါတယ်" ဟု အီရန်စစ်တပ်က ထုတ်ပြန်ခဲ့ သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရန်နှင့် အစ္စရေးအကြား တင်းမာမှုများ မြင့်တက်လာခဲ့ကာ ဒေသတွင်း ပိုမိုကြီးမား ကျယ်ပြန့်သည့် စစ်ပွဲတစ်ခု ဖြစ်ပွားလာမည့် အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ခဲ့ကြသည်။
Source: ရိုက်တာ