CNI International News

ကာရာကက်စ်၊ သြဂုတ် ၁

ဗင်နီဇွဲလားနိုင်ငံတွင် ဇူလိုင် ၂၈ ရက်က သမ္မတရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက်၌  ဆန္ဒပြသူများ သည် လမ်းများပေါ်သို့ ထွက်လာခဲ့ကြပြီး သမ္မတနီကိုလပ်စ် မာဒူရို (Nicolas Maduro) အား ရွေးကောက်ပွဲ ရှုံးနိမ့် ကြောင်းဝန်ခံရန် တောင်းဆိုခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကလည်း ထိုရွေးကောက်ပွဲသည် ဒီမိုကရေစီမဆန်ဘဲ အဆုံးသတ်ခဲ့ ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားအစိုးရကမူ ဆန္ဒပြမှုများသည် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။

ဗင်နီဇွဲလားရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့က သမ္မတရွေးကောက်ပွဲတွင် မာဒူရိုသည် မဲရလဒ် ၅၁ ရာခိုင်နှုန်းဖြင့် တတိယသက်တမ်းကို အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်

အတိုက်အခံများကမူ ရွေးကောက်ပွဲကော်မရှင်သည် အာဏာရှင်အစိုးရ၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှိနေသည် ဟု ယူဆထားပြီး အတိုက်အခံ ကိုယ်စားလှယ်လောင်း အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ် (Edmundo Gonzalez) သည် မာဒူရိုထက် မဲရာခိုင်နှုန်း ၂ ဆ ပိုမိုများပြားစွာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ စတင်ခဲ့ချိန်ကစပြီး နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် ဆန္ဒပြမှုများကြောင့် လက်ရှိတွင် သေဆုံးသူ ၁၁ ဦးထက်မနည်းရှိခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ Foro Penal က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့သည့် အမေရိကန်အခြေစိုက် ကာတာစင်တာကလည်း ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲသည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိဘဲ ဒီမိုကရေစီ ဆန်သည်ဟု မယူဆနိုင်ကြောင်း ဇူလိုင် ၃၀ ရက်နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည်။

ဗင်နီဇွဲလားအတိုက်အခံကို တွေ့ရစဉ်

ဗင်နီဇွဲလားအာဏာပိုင်များ အနေဖြင့် မဲအရေအတွက် စုစုပေါင်းကို လူသိရှင်ကြား ထုတ်ပြန်ကြေညာရန် နိုင်ငံအများစုက တိုက်တွန်းထားပြီး အမေရိကန်ကမူ ထိုရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု မရှိပါက ရွေးကောက်ပွဲနှင့် ဆက်နွှယ်သူများကို ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် စဉ်စားနေကြောင်း အမေရိကန် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

မာဒူရိုနှင့် ၎င်း၏ မဟာမိတ်များကမူ ဂွန်ဇာလက်နှင့် အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို (Maria Corina Machado) တို့သည် ရွေးကောက်ပွဲအပြီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ကြေညာသည့် ရုပ်သံမှထုတ်လွှင့်သည့် မိန့်ခွန်းတွင် မာဒူရိုက အတိုက်အခံ ဆန္ဒပြသူများသည် အရပ်သားများကို ထိခိုက်နာကျင်အောင် လုပ်ဆောင်ခြင်း၊ မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ပြီး ထိုဖြစ်စဉ် များအတွက် ဂွန်ဇာလက်ဇ်နှင့် မာချာဒိုတို့ တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ