CNI International News

ကာရာကက်စ်၊ ဇူလိုင် ၁၂

ဗင်နီဇွဲလားနိုင်ငံတွင် ဇူလိုင် ၂၈ ရက်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲသည် ဗင်နီဇွဲလား အစိုးရအတွက် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ရွေးကောက်ပွဲဆိုင်ရာ စာမေးပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုရွေးကောက်ပွဲသည် သမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) အတွက် နောက်ထပ် ၆ နှစ်သက်တမ်းကို ရရှိစေမည်လော သို့မဟုတ် ၎င်း၏ ဆိုရှယ်လစ်မူဝါဒများ အဆုံးသတ်သွားမည်လော အစရှိသည့် ရလဒ် ၂ ခု ထွက်ပေါ်လာမည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း ဗင်နီဇွဲလား အတိုက်အခံ နိုင်ငံရေးသမားများသည် ရွေးကောက်ပွဲများကို အယုံအကြည် မရှိသဖြင့် ရွေးကောက်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ကြသည်။

သို့သော် အစိုးရ၏ လူထုထောက်ခံမှုနှုန်း ကျဆင်းလာပြီး အတိုက်အခံဘက်က လူထုထောက်ခံမှုနှုန်း မြင့်တက်လာ ချိန်တွင် အခြေအနေများ ပြောင်းလဲလာခဲ့သည်။

မာဒူရိုကို တွေ့ရစဉ်

ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အဓိကကိုယ်စားလှယ်လောင်းများမှာ လက်ရှိသမ္မတ နီကိုလပ်စ် မာဒူရို (PSUV ပါတီ) ၊ အက်ဒ်မန်ဒို ဂွန်ဇာလက် (Edmundo Gonzalez- တစ်သီးပုဂ္ဂလ) ၊ လူးဝစ် အယ်ဒိုရာဒို မားတီးနက် (Luis Eduardo Martinez - Democratic Action ပါတီ) ၊ အန်တိုနီယို အီကာရီ (Antonio Ecarri - Pencil Alliance ပါတီ) ၊ ဒန်နီယယ် စီဘယ်လော့ (Daniel Ceballos - AREPA ပါတီ) နှင့် ဘင်ဂျမင် ရူးဆိုး (Benjamin Rausseo - တစ်သီးပုဂ္ဂလ) တို့ဖြစ်သည်။

ဥရောပသမဂ္ဂ လေ့လာစောင့်ကြည့်သူများကမူ မကြာသေးမီက ပြုလုပ်ခဲ့သည့် ဒေသန္တရ ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း တရားမျှတမှုအရှိဆုံး ရွေးကောက်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် အစိုးရက မျက်နှာသာပေးထားသည့် ကိုယ်စားလှယ်လောင်းများသည်  အစိုးရက ထောက်ပံ့ပေးသော လောင်စာများနှင့် ရန်ပုံငွေများကဲ့သို့ အခြားလိုအပ်သည့် အရာများတွင် အသာစီးရရှိခဲ့ပြီး နိုင်ငံတဝန်း ကျယ်ကျယ် ပြန့်ပြန့် မဲဆွယ်စည်းရုံးနိုင်ခဲ့သည်။

ဗင်နီဇွဲလားအတိုက်အခံကို တွေ့ရစဉ်

ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုများကြောင့် ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ခွင့်ပေးရန် ဥရောပသမဂ္ဂ၏ တောင်းဆိုချက်ကို ဗင်နီဇွဲလား ရွေးကောက်ပွဲ အာဏာပိုင်များက ငြင်းပယ်ခဲ့သည်။

ထိုရွေးကောက်ပွဲတွင် နိုင်ငံအတွင်း မဲပေးခွင့်ရှိသူပေါင်း ၁၇ သန်းခန့်ရှိသည်။

ပြည်ပတွင် နေထိုင်သည့် ဗင်နီဇွဲလားနိုင်ငံသား ၄ သန်းကလည်း မဲပေးရန် စာရင်းသွင်းခဲ့သော်လည်း မဲပေးပိုင်ခွင့် ရှိသည့် သတ်မှတ်ချက်များနှင့် ပြည့်မီသူ ၆၉,၀၀၀ ခန့်သာ ရှိခဲ့သည်။

မဲရုံများအားလုံးကို အစိုးရ စာသင်ကျောင်းများတွင် ပြုလုပ်မည်ဖြစ်ပြီး စစ်တပ်က လုံခြုံရေးယူပေးမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်မှ ၂၀၃၁ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ ဗင်နီဇွဲလားသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

Source: အေပီ