CNI International News

ကာရာကက်စ်၊ ဧပြီ ၂၂

ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံများသည် လူထုအကြား ပေါ်ပေါ်ထင်ထင်မနေသည့် သံတမန်ဟောင်း အက်မန်ဒို ဂွန်ဇာလက် (Edmundo Gonzalez) ကို ဇူလိုင်လအတွင်း ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) နှင့် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သည်ဟု ရိုက်တာ မှ ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲသည် အချိန် နီးကပ်နေပြီဖြစ်သဖြင့် ယခင်ကတည်းက လူထုနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသည့် ဂွန်ဇာလက်သည် မဲဆန္ဒရှင်များအကြားတွင် ၎င်း၏ ပုံရိပ်ကို လျင်မြန်စွာ တည်ဆောက်ရန် လိုအပ်နေသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

တောင်အမေရိကန်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလားအပေါ်  ပိတ်ဆို့မှုများ ဖြေလျှော့ပေးရန်အတွက် တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အမေရိကန်က ပြောကြားထားသဖြင့် ဇူလိုင် ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ သည် အလျော်အစား ကြီးမားသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ဗင်နီဇွဲလား အတိုက်အခံ အက်မန်ဒို ဂွန်ဇာလက်ကို တွေ့ရစဉ်

အတိုက်အခံများအကြား ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအတွက် ခက်ခဲစွာ စဉ်းစားခဲ့ကြ ပြီးနောက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု နောက်ဆုံးရက်မတိုင်မီ တစ်ရက်အလိုဖြစ်သည့် ဧပြီ ၁၈ ရက်တွင် အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဗင်နီဇွဲလားသံအမတ်ဟောင်း ဂွန်ဇာလက်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုရွေးကောက်ပွဲသည် ဗင်နီဇွဲလားနိုင်ငံတွင် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သမ္မတရွေးကောက်ပွဲ ဖြစ်သဖြင့် အသက် ၇၄ နှစ်အရွယ် ဂွန်ဇာလက်သည် ခက်ခဲကြမ်းတမ်းသည့် လမ်းကြောင်းပေါ်ကို လျှောက်လှမ်း ရလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“သူက လူသိနည်းတဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။ သူ့ကို လူတွေသိလာအောင် လုပ်ဖို့က သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်” ဟု Estrategia y Poder အတိုင်ပင်ခံကုမ္ပဏီမှ ညွှန်ကြားရေးမှူး ရီကာဒို ရီယို့စ် (Ricardo Rios) က ပြောကြားခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဟိုဆေး ဂွာရာကို တွေ့ရစဉ်

အတိုက်အခံများသည် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးကို တညီတညွတ်တည်း ရွေးချယ်ရန် မျှော်လင့်ခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ် ကာလများက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကာလကြာရှည် တာဝန် ထမ်းဆောင်ခဲ့သည့် ဂွန်ဇာလက်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

“အက်မန်ဒိုက အရမ်း ပရော်ဖက်ရှင်နယ် ပီသပြီး သိုသိုသိပ်သိပ် နေထိုင်တတ်သူဖြစ်သလို ဒီမိုကရေစီ ခံယူချက် ခိုင်မာတဲ့သူပါ။ သူက စကား ကြီးကြီးကျယ်ကျယ် ပြောတတ်တဲ့သူမျိုး မဟုတ်ပါဘူး” ဟု အတိုက်အခံတစ်ဦး ဖြစ်သူ ဂျီးဆပ် တိုရီယယ်ဘာ (Jesus Torresalba) က ပြောကြားခဲ့သည်။

ထိုပြင် အတိုက်အခံခေါင်းဆောင် ဟိုဆေး ဂွာရာ (Jose Guerra) ကလည်း နိုင်ငံတကာရေးရာ၊ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများတွင် ဂွန်ဇာလက်၏ ဗဟုသုတကြွယ်ဝမှုနှင့် ပြင်သစ်၊ အင်္ဂလိပ်နှင့် စပိန်ဘာသာစကားများ ပြောဆိုတတ်မှုကို ချီးကျူးခဲ့သည်။

Source: ရိုက်တာ