CNI International News

ဝါရှင်တန်၊ ဧပြီ ၂၂

အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်များသည် ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်တို့ကို လုံခြုံရေး ကူညီ ထောက်ပံ့မှုများပေးမည့် ဒေါ်လာ ၉၅ ဘီလျံတန်ကြေးရှိ အကူအညီပေးရေးဥပဒေမူကြမ်းအား ဧပြီ ၁၉ ရက်က အတည်ပြု ထောက်ခံခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လက်ရှိတွင် ထိုဥပဒေမူကြမ်းသည် ဒီမိုကရက်များ ထိန်းချုပ်ထားသည့် အထက်လွှတ်တော်သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး အထက်လွှတ်တော်ကလည်း ဥပဒေမူကြမ်းကို အတည်ပြုဖွယ် ရှိနေသည်။

အဆိုပါ ဥပဒေမူကြမ်းကို အတည်ပြုပေးရန် ဒီမိုကရက်ခေါင်းဆောင်များဖြစ်သည့် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကအစ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သည့် မစ်ချ် မက်ကွန်နယ် (Mitch McConnell) အဆုံး ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် (Mike Johnson) ကို တိုက်တွန်းခဲ့ကြသည်။

အထက်လွှတ်တော်သည် အောက်လွှတ်တော်က အတည်ပြုခဲ့သည့် ထိုဥပဒေမူကြမ်းကို ထပ်မံအတည်ပြုရန် အတွက် ဧပြီ ၂၂ ရက်တွင် စဉ်းစားသုံးသပ်မည်ဖြစ်ပြီး ထိုနေ့ မွန်းလွဲပိုင်းတွင် ပဏာမ မဲခွဲဆုံးဖြတ်မှု ပြုလုပ်မည် ဖြစ်သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကို တွေ့ရစဉ်

ထိုဥပဒေမူကြမ်းကို အတည်ပြုရေးအတွက် နောက်ဆုံးအဆင့် လုပ်ထုံးလုပ်နည်းများအား လာမည့် သီတင်းပတ် တွင် ပြုလုပ်မည်ဖြစ်ပြီး၊ ထို့နောက် သမ္မတဘိုင်ဒန်က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုးမည်ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းတွင် ယူကရိန်းအား ဒေါ်လာ ၆၀ ဒသမ ၈၄ ဘီလျံ၊ အစ္စရေးကို ၂၆ ဘီလျံနှင့် ထိုင်ဝမ် အပါအဝင် အာရှ-ပစိဖိတ်ဒေသအတွက် ၈ ဒမသ ၁၂ ဘီလျံ ထောက်ပံ့ပေးမည့် အစီအစဉ်များ ပါဝင်သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကမူ ထိုဥပဒေမူကြမ်းအား အတည်ပြုခဲ့သည့် အောက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်းနှင့် အမေရိကန်လွှတ်တော်အမတ်များသည် သမိုင်းကြောင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ဒီနေ့ အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေမူကြမ်းဟာ စစ်ပွဲကို မကြာရှည်စေဖို့နဲ့ သိန်း/သန်း ချီတဲ့ လူ့အသက်တွေကို ကယ်တင်ဖို့ အထောက်အကူဖြစ်စေပြီး ကျနော်တို့ နိုင်ငံတွေရဲ့ အကူအညီတွေကို ပိုမို ခိုင်မာစေပါတယ်” ဟု ဇာလန်းစကီးက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

Source: ရိုက်တာ