CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၄

အမေရိကန် အောက်လွှတ်တော်သည် အစ္စရေးအတွက် ဒေါ်လာ ၁၄ ဒသမ ၅ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီ ထောက်ပံ့ပေးမည့် အစီအစဉ်ကို အတည်ပြုပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် မဟာမိတ်ဖြစ်သည့် အစ္စရေးအပေါ် အမေရိကန်၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန်ပါတီအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။

ပြည်တွင်း အခွန်ဘဏ္ဍာဌာနက ထောက်ပံ့ပေးထားသည့် ထိုအစီအစဉ်ကို နိုဝင်ဘာ ၂ ရက်က အောက်လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၂၆ မဲနှင့် ကန့်ကွက်မဲ ၁၉၆ မဲ ရှိခဲ့သည်။

ထိုအစီအစဉ်သည် ပြီးခဲ့သည့် သီတင်းပတ်က ရွေးကောက်ခံခဲ့ရသည့် အောက်လွှတ်တော်ဥက္ကဋ္ဌသစ် မိုက် ဂျွန်ဆင် (Mike Johnson)၏ လက်ထက်တွင် ပထမဆုံးနှင့် အထင်ရှားဆုံး ဥပဒေမူကြမ်းတစ်ခု ဖြစ်လာခဲ့သည်။

အစ္စရေးကို ကူညီပေးမည့် စစ်ရေးအထောက်အပံ့ထဲတွင် ဒေါ်လာ ၄ ဘီလျံ တန်ကြေးရှိသည့် အစ္စရေး၏ Iron Dome ဒုံးကျည် ကာကွယ်ရေးစနစ်ကို ထပ်မံဖြည့်သွင်းပေးရေး အစီအစဉ်နှင့် David's Sling ဒုံးကျည် ကာကွယ် ရေး စနစ်များ၊ အမေရိကန် လက်နက်တိုက်မှ စစ်လက်နက်ပစ္စည်းများကို လွှဲပြောင်းပေးပို့ရေးတို့ ပါဝင်ခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်ကမူ ထိုအစီအစဉ်ကို ဥပဒေအဖြစ် အတည်ပြုပေးရန် အထက်လွှတ်တော်နှင့် အိမ်ဖြူတော်ကို တိုက်တွန်းခဲ့သည်။

"အခုအချိန်အထိတော့ အထက်လွှတ်တော်နဲ့ အိမ်ဖြူတော်က ဒီအစီအစဉ်ကို အတည်မပြုသေးပါဘူး။ အဲဒါကြောင့် ဒီအစီအစဉ်ကို ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းပေးဖို့ အထက်လွှတ်တော်နဲ့ အိမ်ဖြူတော်ကို ကျနော် တိုက်တွန်းပါ တယ်" ဟု ဂျွန်ဆင်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

မည်သို့ပင်ဆိုစေ အစ္စရေးကို စစ်ရေး အထောက်အပံ့ပေးမည့် ထိုအစီအစဉ်သည် ဥပဒေတစ်ရပ်အဖြစ် ထုတ်ပြန် ကြေညာရန် အလားအလာသည် နည်းပါးနေသည်။

အဘယ်ကြောင့်ဆိုသော် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် အထက်လွှတ်တော်မှ ဒီမိုကရက်များ သည် ယခုတင်သွင်းသည့် အစီအစဉ်၌ ယူကရိန်းအတွက် စစ်ရေး အကူအညီများ မပါသည့်အတွက် ဥပဒေအဖြစ် ပြဋ္ဌာန်းရန် ဆန့်ကျင်သည့် သဘောထားများကို ပြသခဲ့ကြသည်။

Source: အယ်လ်ဂျာဇီးယား