CNI International News
မော်စကို၊ နိုဝင်ဘာ ၄
ပိုလန်၏ လုပ်ဆောင်ချက်များသည် ရုရှား၊ ဘယ်လာရုစ် နိုင်ငံများနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မည့် အခြေအနေ ကို ဖြစ်စေနိုင်ကြောင်းသလို တတိယကမ္ဘာစစ်ကိုလည်း ဖြစ်စေနိုင်ကြောင်း ရုရှားသမ္မတဟောင်းဖြစ်ပြီး လက်ရှိ ရုရှား လုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) က ပြောကြားခဲ့သည်ဟု တာ့စ် သတင်းဌာနမှ ဖော်ပြခဲ့သည်။
"ပိုလန်နိုင်ငံရဲ့ စစ်တပ် တည်ဆောက်မှုနဲ့ ယူကရိန်းမှာ ပိုလန်ရဲ့ စစ်အင်အားတည်ရှိမှုဟာ ပိုလန်နဲ့ ရုရှား၊ ဘယ်လာရုစ် နိုင်ငံတွေအကြား တိုက်ရိုက် ထိပ်တိုက်တွေ့မှုကို ဖြစ်စေနိုင်ပါတယ်" ဟု မက်ဗီးဒက်ဗ်က Rossiyskaya Gazeta သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြခဲ့သည်။
"ဒီလိုအခြေအနေမျိုးမှာ ပိုလန်ရဲ့ ဆိုးယုတ်တဲ့ ရည်မှန်းချက်ကတစ်ဆင့် ဖြစ်ပေါ်လာမယ့် ခြိမ်းခြောက်မှုတွေကို မိမိတို့ မဟာမိတ် အုပ်စုတွေက သင့်တော်သလို တုန့်ပြန်သွားမှာပါ" ဟု မက်ဗီးဒက်ဗ်က ပြောကြားခဲ့သည်။
ထို့ပြင် ပိုလန်၏ အဆင်အခြင်မဲ့ လုပ်ရပ်များနှင့် နေတိုးမဟာမိတ်များက ပိုလန်ကို ထောက်ခံမှုများသည် တစ် ကမ္ဘာလုံးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အကျိုးသက်ရောက်မှုများကို ပေါ်ပေါက်စေနိုင်ကြောင်း မက်ဗီးဒက်ဗ် က ပြောသည်။
ထို့နောက် ပိုလန်သည် တတိယကမ္ဘာစစ်ကို ဖြစ်ပွားစေနိုင်မည့် အခန်းကဏ္ဍတွင် ပါဝင်လာလိမ့်မည်ဟုလည်း မက်ဗီးဒက်ဗ်က Rossiyskaya Gazeta သတင်းစာ၏ အတွေးအမြင်ကဏ္ဍ ဆောင်းပါးထဲတွင် ရေးသားဖော်ပြခဲ့ သည်။
Source: တာ့စ်