CNI International News

မင့်စ်၊ သြဂုတ် ၁၉

ယူကရိန်း၊ ပိုလန်နှင့် ဘော်လ်တစ်နိုင်ငံများက ဘယ်လာရုစ်နိုင်ငံကို ဆန့်ကျင်သည့် ရန်စမှုများ ပြုလုပ်မည်ဆိုပါက မိမိတို့အနေနှင့် ချက်ချင်း တုံ့ပြန်သွားမည်ဟု ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko)က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

"ခြိမ်းခြောက်မှုတစ်ခုပဲ ရှိနိုင်ပါတယ်။ အဲဒါကတော့ ကျနော်တို့နိုင်ငံကို ဆန့်ကျင်တဲ့ ရန်စမှုပါ။ ရန်စမှုဟာ ယူကရိန်းရဲ့ နယ်မြေက ဖြစ်ဖြစ်၊ ပိုလန်၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားနိုင်ငံတွေက နယ်မြေတွေကဖြစ်ဖြစ် စတင် ပေါ်ပေါက်လာမယ်ဆိုရင် ကျနော်တို့အနေနဲ့ ကျနော်တို့မှာရှိသမျှ အရာအားလုံးနဲ့ တုံ့ပြန်သွားမှာပါ"ဟု လူကာရှန်ကိုက ပြောကြားခဲ့သည်။

လူကာရှန်ကိုသည် ယူကရိန်း သတင်းထောက် ဒိုင်ယာနာ ပန်ချန်ကို (Diana Panchenko) နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ ယူကရိန်း သတင်းထောက် ဒိုင်ယာနာ ပန်ချန်ကို ကိုတွေ့ရစဉ်

ထို့ပြင် ဘယ်လာရုစ်၏ တုံ့ပြန်မှုသည် သာလွန်အင်အားဖြင့် ဖြစ်လိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

"ကျနော်တို့ဟာ သူတို့တွေနဲ့ ပြိုင်နေတာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ သာလွန်အင်အားနဲ့ တိုက်ခိုက်မယ် ဆိုရင် သူတို့တွေဟာ ဆိုးရွားပြင်းထန်တဲ့ နစ်နာဆုံးရှုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေနဲ့ အဆုံးသတ်သွားပါလိမ့် မယ်"ဟု ဘယ်လာရုစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ 

မိမိတို့အား ရန်မစပါက မိမိတို့နိုင်ငံတွင် ထားရှိသည့် (ရုရှား၏) နျူကလီးယား လက်နက်များကို အသုံးပြုမည် မဟုတ်ကြောင်း၊ သို့သော် မိမိတို့အား ရန်စလာခဲ့ပါက မိမိတို့၏ လက်နက်တိုက်အတွင်းရှိ လက်နက်အားလုံးကို မဆိုင်းမတွ အသုံးပြုသွားမည်ဖြစ်ကြောင်း လူကာရှန်ကိုက ပြောကြားခဲ့သည်။

Source: တာ့စ်