CNI International News

ဆိုးလ်၊ သြဂုတ် ၁၉

မြောက်ကိုရီးယား၏ ပထမဆုံး လောင်စာတောင့်သုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) အမျိုးအစားဖြစ်သည့် Hwasong-18 ဒုံးကျည်ထုတ်လုပ်မှု စီမံကိန်းတွင် ရုရှား၏ အခန်းကဏ္ဍ ပါဝင်ခြင်း ရှိ/မရှိအပေါ် ငြင်းခုံမှုအသစ်များ ထွက်ပေါ်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သြဂုတ် ၁၇ ရက်က အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ (Center fo Strategic and International Studies) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် Hwasong-18 ဒုံးကျည်သည် ရုရှားနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်တစ်ခု ဖြစ်နိုင်သည်ဟု မက်ဆာချူးဆက် နည်း ပညာတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ သီအိုဒို ပိုစတို (Theodore Postol) က ပြောကြားခဲ့သည်။

Hwasong-18 ဒုံးကျည်ကို ဧပြီနှင့် ဇူလိုင်လများတွင် နှစ်ကြိမ်စမ်းသပ်ခဲ့ပြီး ဖြစ်သည်။ ထိုစမ်းသပ်မှုများအနက် ဇူလိုင် ၁၂ ရက်က စမ်းသပ်မှုသည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု သမိုင်းတွင် အရှည်ကြာဆုံး ဒုံးကျည် ပျံသန်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 Hwasong-18 ဒုံးကျည်ပစ်လွတ်စမ်းသပ်နေစဉ်

Hwasong-18 ဒုံးကျည်သည် မြောက်ကိုရီးယား၏ ပထမဆုံး လောင်စာတောင့်သုံး ICBM ဒုံးကျည် အမျိုးအစား ဖြစ်သည်။ လောင်စာတောင့်သုံး ဒုံးကျည်များသည် စစ်ပွဲအတွင်း ဒုံးကျည်များကို ပိုမိုလွယ်ကူလျင်မြန်စွာ ဖြန့်ကြက်ချထားနိုင်သလို ဒုံးကျည်ပျံသန်းမှု အရှိန်သည်လည်း ပိုမိုမြန်ဆန်သည်။

"မြောက်ကိုရီးယားအနေနဲ့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ အခုလို ခေတ်မီနည်းပညာတွေ အသုံးပြုနိုင်ဖို့ ခက်ခဲပါလိမ့်မယ်" ဟု ပိုစတိုက ပြောသည်။

ထို့ပြင် ရုရှားသည် တန် ၅၀ အလေးချိန်ရှိသည့် လောင်စာတောင့်သုံး Topol-M တိုက်ချင်းပစ်ဒုံးကျည် နည်းပညာ ကို မြောက်ကိုရီးယားအား လွှဲပြောင်းပေးခဲ့ဖွယ် ရှိသည်ဟုလည်း ပိုစတိုက ပြောသည်။ 

Topol-M ဒုံးကျည်ကို SS-27 ဒုံးကျည်အဖြစ်လည်း လူသိများသည်။

မကြာသေးမီက ရုရှားနှင့် မြောက်ကိုရီးယားသည် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်မည်ဟု ပြောကြားခဲ့ သော်လည်း မြောက်ကိုရီးယားသည် ရုရှားနှင့် လက်နက် ရောင်းဝယ်သည့် သဘောတူညီချက်များ မပြုလုပ်ခဲ့ ကြောင်း ငြင်းဆိုခဲ့သည်။

Hwasong-18 ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံကို မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်စစ်ဆေးနေစဉ်

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

ကယ်လီဖိုးနီးယားရှိ ဂျိမ်းစ်မာတင် လက်နက်မပျံ့ပွားမှု လေ့လာရေး စင်တာ (James Martin Center for Nonproliferation Studies-CNS) မှ ကျွမ်းကျင်သူများကတော့ မြောက်ကိုရီးယား၏ Hwasong-18 ဒုံကျည် နှင့်ပတ်သက်ပြီး ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ ရုရှားသည် မြောက်ကိုရီးယားကို ICBM နည်းပညာအပြည့် အစုံ ပေးခဲ့ပုံမပေါ်ကြောင်း ပြောကြားခဲ့သည်။ 

Hwasong-18 ဒုံးကျည်၏ ပဲ့ထိန်းစနစ်များနှင့် ဒုံးကျည်၏ တတိယအဆင့်သည် ရုရှား၏ Topol-M ဒုံးကျည် တည်ဆောက်ပုံနှင့် ကွဲလွဲချက်များ ရှိနေသည်ဟုလည်း CNS မှ သုတေသီများက ပြောကြားခဲ့သည်။

ထို့နောက် မြောက်ကိုရီးယား၏ Hwasong-18 ဒုံးကျည်နှင့်ပတ်သက်ပြီး စစ်ရေး ကျွမ်းကျင်သူများအကြား ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

Source: ရိုက်တာ