CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၁၂
ရုရှားက မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM)အစီအစဉ်ကို အဆင့်မြှင့်တင်ရန် စစ်ဘက် ဆိုင်ရာ နည်းပညာကို ထောက်ပံ့ပေးသွားနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းသုံးသပ်ထားသည်ဟု Korea Times မှ ဖော်ပြခဲ့သည်။
အောက်တိုဘာလက မြောက်ကိုရီးယား၏ ICBM စမ်းသပ် ပစ်လွှတ်မှုတွင် ဒုံးအင်ဂျင်သစ် စမ်းသပ်မှု မပါဝင် ခဲ့ပြီးနောက် ယင်းခန့်မှန်းချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ မြောက်ကိုရီးယား၏ ICBM နည်းပညာတွင် ရုရှား ထောက်ပံ့ပါဝင်မှုကို အတည်ပြုနိုင်ရန် စောလွန်းသေးသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
ပူတင်နဲ့ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ထိုပူးပေါင်းဆောင်ရွက်မှုသည် မြောက်ကိုရီးယားက ယူကရိန်းတွင် ရုရှားတပ်များကို ကူညီရန် စစ်သားများ စေလွှတ်နိုင်ဖွယ်ရှိသည့် အခြေအနေနှင့် လဲလှယ်မှုတစ်ရပ် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားသည် စီးပွားရေး အကူအညီ၊ နည်းပညာ သို့မဟုတ် ထိုနှစ်ရပ်လုံးကို ရရှိနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသော်လည်း အသေးစိတ်ကိုမူ လျှို့ဝှက်ထားဆဲဖြစ်သည်။
အောက်တိုဘာ ၃၁ ရက်က မြောက်ကိုရီးယား၏ Hwasong-19 ICBM စမ်းသပ် ပစ်လွှတ်မှုသည် အဆင့်မြှင့်ထား သော ဗားရှင်းထက် အသစ်တီထွင်ထားသော မော်ဒယ် ဖြစ်ဖွယ်ရှိသည်ဟု တောင်ကိုရီးယား၏ အာဏာရပါတီ ဖြစ်သည့် People Power Party မှ လွှတ်တော်အမတ် ယူးယောင်းဝမ်(Yoo Yong-won)က ပြောကြားခဲ့သည်။
ဒုံးကျည်ပစ်လွှတ်နေစဉ်
ဒုံးကျည်တွင် ကိုယ်ထည် အရွယ်အစား၊ အကျယ်နှင့် အမြင့်ကို တိုးမြှင့်ထားပြီး ထိုဒုံးကျည်သည် လက်ရှိ Hwasong-18 ကို အဆင့်မြှင့်တင် မွမ်းမံထားသည့်ပုံစံ မဟုတ်ကြောင်း ၎င်းက သုံးသပ်ထားသည်။
မြောက်ကိုရီးယားက ပိုမိုအဆင့်မြင့်သော ICBM ကို မလွှတ်တင်မီ ပုံမှန်အားဖြင့် ပြုလုပ်ရန် လိုအပ်သော ဒုံးအင်ဂျင်အသစ် စမ်းသပ်မှုအဆင့်ကို ကျော်ခဲ့သောကြောင့် Hwasong-19 စမ်းသပ် ပစ်လွှတ်မှုသည် အာရုံစိုက်မှု ကို ပိုမိုရရှိခဲ့သည်။
မြောက်ကိုရီးယားကမူ ၎င်းတို့သည် တာလတ်ပစ် အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်သစ်အတွက် လောင်စာ တောင့်သုံး ဒုံးအင်ဂျင်တစ်ခုကို စမ်းသပ်ခဲ့သည်ဟု ထုတ်ပြန်ထားသော မတ်လနောက်ပိုင်း လောင်စာတောင့်သုံး ဒုံးအင်ဂျင်သစ်ကို စမ်းသပ်ခြင်း မရှိတော့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုထားသည်။
လတ်တလောတွင် ထင်ကြေးပေးမှုများ ပိုမိုမြင့်တက်လာသောကြောင့် ကျွမ်းကျင်သူများက ၎င်းတို့သည် ရုရှားနှင့် မြောက်ကိုရီးယားကြား ဒုံးကျည်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နောက်ထပ် လက္ခဏာရပ်များကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: Korea Times