CNI International News
ပြုံယမ်း၊ နိုဝင်ဘာ ၁၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် တိုက်ခိုက်ရေးဒရုန်း အများအပြား ထုတ်လုပ် မှုကို အရှိန်မြှင့်တင်ရန် တိုက်တွန်းခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနှင့် ရုရှားအကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ကင်မ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA)မှ နိုဝင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ကင်မ်သည် မြောက်ကိုရီးယား၏ မောင်းသူမဲ့ လေကြောင်းနည်းပညာဌာနကို သွားရောက်ချိန်တွင် အသေခံ တိုက်ခိုက်ရေးဒရုန်း အမျိုးအစား အများအပြား စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း(KCNA) မှ ဖော်ပြခဲ့သည်။
ထိုဒရုန်းများသည် မြေပြင်နှင့် ရေပြင်ရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်သဖြင့် ပဲ့ထိန်းဒုံးကျည်များကဲ့သို့ ထိရောက် မှုရှိကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။
ကင်မ်ဂျုံအန် ဒရုန်းများကို စစ်ဆေးနေစဉ်
မြောက်ကိုရီးယားသည် ဩဂုတ်လအတွင်းက ၎င်း၏ အသေခံဒရုန်းများကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြသခဲ့ ခြင်းဖြစ်ပြီး စစ်ရေးကျွမ်းကျင်သူများကမူ ရုရှား၏ အကူအညီဖြင့် ထိုဒရုန်းများကို ထုတ်လုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်နိုင်သော ထိုဒရုန်းများသည် ထုတ်လုပ်သည့် ကုန်ကျစရိတ် သက်သာသည့် အပြင် တင့်ကားနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ရာတွင် အရေးကြီးသည့် လက်နက်များ ဖြစ်လာခဲ့သည်။
ထိုဒရုန်းများကို ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများတွင် တွင်ကျယ်စွာ အသုံးပြုနေသည်ကို တွေ့ရသည်။
နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဒရုန်းစမ်းသပ်မှုများတွင် ဒရုန်းများသည် သတ်မှတ်ထားသော ပစ်မှတ်များကို တိကျစွာ ထိမှန်ဖောက်ခွဲခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား