CNI International News
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၀
AI နည်းပညာသည် ချမ်းသာသည့် နိုင်ငံများနှင့် ချမ်းသာကြွယ်ဝရေးအတွက် ကစားပွဲတစ်ခု မဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ရှီသည် နိုဝင်ဘာ ၁၈ ရက်က ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေးရိုး (Rio de Janeiro) မြို့တွင် ပြုလုပ်သည့် စက်မှု ထိပ်သီးနိုင်ငံ-၂၀ (G 20) အစည်းအဝေး၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည့်စုံကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေအတွက် ဒစ်ဂျစ်တယ်နည်းပညာကို မြှင့်တင်ရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ ပေါင်းစပ်ထားသည့် ကမ္ဘာ့တောင်ခြမ်းတွင် ရှိနေသော နိုင်ငံများအနေဖြင့်လည်း ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်အရေးတို့ကို သာတူညီမျှ မြှင့်တင်ရန် ဘုံသဘော တူညီမှု တစ်ခုနှင့်အတူ နိုင်ငံတကာ အင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲရန် ရှီက တိုက်တွန်းခဲ့သည်။
ထိုနေ့ အစောပိုင်းကလည်း ရှီက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တရုတ်၏ ထောက်ပံ့မှုကို အမွှမ်းတင်ပြောကြားခဲ့ပြီး ကမ္ဘာတောင်ခြမ်းဒေသတွင် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုများ ပိုမိုကောင်းမွန်စေရန်အတွက် အကူအညီ ပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထို့ပြင် G-20 အဖွဲ့ဝင်နိုင်ငံများ၏ သဘာဝပတ်ဝန်းကျင် အရေးအတွက် စိုးရိမ်ပြီး တရုတ်လုပ် လျှပ်စစ်ကားများနှင့် ဇီဝဒီဇယ် (biodiesel) ကဲ့သို့ တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံနေမှုကိုလည်း ရှီက ထည့်သွင်း ပြောကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင်အရေးနှင့် ကာဘွန်လျှော့ချရေး အစီအစဉ်များကို ခေါင်းစဉ်တပ်ပြီး ထိုကဲ့သို့ စျေးကွက် ကာကွယ်ရေးမူဝါဒများ ကျင့်သုံးခြင်းမပြုရန် ရှီက တိုက်တွန်းခဲ့သည်။
"ကျနော်တို့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အုပ်ချုပ်ပုံကို မြှင့်တင်ဖို့နဲ့ ကမ္ဘာ့စီးပွားရေးကို ပွင့်လင်းစွာ ပုံဖော်ဖို့ လိုအပ်ပါတယ်"ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
ရှီသည် ပြီးခဲ့သည့် သီတင်းပတ်က ပီရူးနိုင်ငံ၊ လီမာ (Lima) မြို့တော်တွင် ပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ဖိုရမ်ကို တက်ရောက်ချိန်ကလည်း ပြည်တွင်းစျေးကွက် ကာကွယ်ရေး မူဝါဒ ကို ဝေဖန်ပြောဆိုခဲ့သည်။
Source: Nikkei Asia