မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် စွမ်းအင်အရေး ရှီနှင့်ပူတင် ဆွေးနွေးCNI International News
ဘေဂျင်း၊ မေလ ၂၁
ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့်အတူ စည်းလုံး ညီညွတ်မှု ကို ပြသသည့် အနေဖြင့် မေလ ၁၉ ရက်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်သို့ ရောက်ရှိလာခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
မေလ ၂၀ ရက်တွင်မူ ရှီသည် ပူတင်အား ပြည်သူ့မဟာခန်းမဆောင်တွင် ဂုဏ်ပြုတပ်ဖွဲ့များ၊ အမြှောက်တပ်ဖွဲ့များ ဖြင့် ကြိုဆိုခဲ့ပြီး ကလေးငယ်များကလည်း တရုတ်နှင့် ရုရှား နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ ကြိုဆိုခဲ့ကြ သည်။
မေလ ၁၅ ရက်က အဆုံးသတ်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တရုတ်ခရီးစဉ် အပြီး ရက်ပိုင်းအကြာတွင် ပူတင်သည် တရုတ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် ရုရှားနိုင်ငံတို့ အနေဖြင့် ရေရှည်မဟာဗျူဟာကို အာရုံစိုက်သင့်ပြီး ပိုမိုတရားမျှတ၍ ကျိုးကြောင်း ဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းလာစေရန် ကူညီမြှင့်တင်ပေးသင့်ကြောင်း ရှီက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ ဖော်ပြခဲ့သည်။

သမ္မတ ပူတင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ နှစ်ဖက် ဆွေးနွေးကြစဉ်
“တရုတ်-ရုရှား ဆက်ဆံရေးဟာ အခုလိုအဆင့်ကို ရောက်ရှိလာရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ဟာ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲအစတွင် ရှီက ပြောကြားခဲ့သည်။
ရုရှားနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် ကမ္ဘာ့တည်ငြိမ်မှုကို ထောက်ကူပေးနေကြောင်း၊ အရှေ့အလယ်ပိုင်း ဒေသတွင် မတည်မငြိမ် ဖြစ်မှုများ ရှိနေသည့်တိုင်အောင် ရုရှားနိုင်ငံသည် ယုံကြည်စိတ်ချရသော စွမ်းအင် ထောက်ပံ့သူအဖြစ် ဆက်လက် တည်ရှိနေကြောင်းလည်း အလေးအနက် ပြောဆိုခဲ့သည်။
“မျက်မှောက်ခေတ် ကာလမှာ ရှိနေတဲ့ ရုရှားနဲ့ တရုတ်ကြား ကဏ္ဍစုံ မိတ်ဖက်ဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ လက်ရှိ ကမ္ဘာ့အခင်းအကျင်းရဲ့ နိုင်ငံတကာ ဆက်ဆံရေးအတွက် စံပြနမူနာတစ်ခုပဲ ဖြစ်ပါတယ်” ဟု ပူတင်က ရှီကျင့်ဖျင်အား ပြောကြားခဲ့သည်။
ထို့အပြင် လာမည့်နှစ်တွင် ရုရှားနိုင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ပူတင်က ရှီကို ဖိတ်ခေါ်ခဲ့သည်။
တရုတ်နိုင်ငံသည် ရုရှားထံမှ ရေနံများကို သင်္ဘောများဖြင့် ပို့ဆောင်မှုမှလည်းကောင်း၊ ပိုက်လိုင်းမှတဆင့် ပို့ဆောင်မှုဖြင့်လည်းကောင်း ပုံစံနှစ်မျိုးစလုံးဖြင့် ရရှိနေပြီး ရုရှားရေနံများကို အများဆုံး ဝယ်ယူနေသည့် နိုင်ငံဖြစ်သည်။
ပူတင်၏ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား နောက်ထပ် စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များကို ထပ်မံရ ယူလိုကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။
Source: The Nation
