CNI International News

ဝါရှင်တန်၊ မေလ ၂၁

အမေရိကန်အစိုးရသည် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများကို ကူညီပံ့ပိုးပေးနိုင်မည့် အမေရိကန်၏ စစ်ရေး အင်အားစု ပမာဏကို လျှော့ချသွားရန် စီစဉ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုသို့  စစ်ရေးအင်အား လျှော့ချမည့် အကြောင်းအရာကို အမေရိကန်က ယခုသီတင်းပတ်အတွင်း နေတိုး မဟာမိတ်နိုင်ငံများသို့ ပြောကြားရန် စီစဉ်ထားသည်ဟု ထိုကိစ္စကို သိရှိထားသည့် သတင်းရင်းမြစ်သုံးခုက ပြောကြားခဲ့သည်။

နေတိုးအင်အားစုပုံစံ (NATO Force Model) ဟု လူသိများသည့် မူဘောင်အောက်တွင် နေတိုးအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် စစ်ရေးအရ တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြားကြီးမားသော အကျပ်အတည်းများနှင့် ရင်ဆိုင်ရချိန်၌ အခြားအဖွဲ့ဝင်နိုင်ငံများက ထိုနိုင်ငံကို ကူညီထောက်ပံ့ပေးမည့် စစ်အင်အားစုပမာဏကို  အသီးသီး သတ်မှတ်ထားရခြင်း ဖြစ်သည်။

စစ်ပွဲဖြစ်ပွားချိန်တွင် အသုံးပြုမည့် ထိုစစ်အင်အားစုများ၏ တိကျသော ဖွဲ့စည်းပုံအသေးစိတ်ကို တင်းကျပ်စွာ လျှို့ဝှက်ထားသော်လည်း ပင်တဂွန်စစ်ဌာနချုပ် အနေဖြင့် ယခင်က ၎င်း၏ ကတိကဝတ် ပြုထားသော စစ်အင်အား ပမာဏကို သိသိသာသာ လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အမေရိကန်စစ်အင်အားကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဥရောပတိုက်၏ လုံခြုံရေးအတွက် အဓိကတာဝန်ကို အမေရိကန်ပြည်ထောင်စုထံမှ ဥရောပနိုင်ငံများက လွှဲပြောင်းရယူရန် မျှော်လင့်ထားကြောင်း ယခင်ကတည်းက ပြောကြားထားခဲ့ပြီး ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း မဟာမိတ်များထံ ပေးပို့မည့် စစ်အင်အား လျှော့ချမည့် သတင်းစကားသည် ထိုမူဝါဒကို လက်တွေ့ အကောင်အထည်ဖော်နေသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ် အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဥရောပမဟာမိတ်များထံ လွှဲပြောင်းပေးရန် စီစဉ်နေသည့် အချိန်ဇယားနှင့် အခြား အသေးစိတ် အချက်အလက် အချို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့သော်လည်း ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တွင် မေလ ၂၂ ရက်၌ ပြုလုပ်မည့် ကာကွယ်ရေး မူဝါဒရေးရာ အကြီးအကဲများ၏ အစည်းအဝေးမှာ စစ်ရေးကတိကဝတ်များကို လျှော့ချသွားမည့် ရည်ရွယ်ချက်အား ထုတ်ဖော်ကြေညာရန် ပင်တဂွန်က စီစဉ်ထားသည်ဟု ဆိုသည်။

ထိုအစည်းအဝေးတွင် ပင်တဂွန်စစ်ဌာနချုပ်၏ မူဝါဒရေးရာအကြီးအကဲ အဲလ်ဘရစ်ခ်ျ ကိုလ်ဘီ (Elbridge Colby) ၏ အဓိက လက်ထောက်ဖြစ်သူ အဲလက်စ် ဗီလက်ဇ်-ဂရင်း (Alex Velez-Green) တက်ရောက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Source: ရိုက်တာ