CNI International News

ဝါဆော၊ ဖေဖော်ဝါရီ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် ယူကရိန်းနှင့် ရုရှားအပေါ် ထားရှိသည့် မူဝါဒ အပြောင်းအလဲကြောင့် ပိုလန်နှင့် လတ်ဗီးယားတို့ အပါအဝင် နေတိုးအဖွဲ့၏ အရှေ့ပိုင်းစစ်တောင်ပံတွင် ရှိနေသည့် ဥရောပနိုင်ငံများကို လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မကြာသေးမီ ရက်ပိုင်းများအတွင်း ယူကရိန်း၊ ရုရှားနှင့် ဥရောပတိုက်အပေါ် ထားရှိသည့် ထရမ့်၏ မူဝါဒ အပြောင်းအလဲကြောင့် အမေရိကန်သည် ဥရောပတိုက် လုံခြုံရေးအတွက် အာမခံပေးထားသော  နိုင်ငံအဖြစ် ရပ်တည်နေသည့် ရပ်တည်ချက်သည် အဆုံးသတ်သွားခဲ့သည်။

ထရမ့်သည် ယူကရိန်း-ရုရှား စစ်ပွဲအတွက် ယူကရိန်းအပေါ် အပြစ်ပုံချခဲ့ပြီး တစ်ချိန်တည်းမှာပင် ရုရှားနှင့် ဆက်ဆံရေး အဆင်ပြေစေရန် လုပ်ဆောင်နေသည်။

ထို့ကြောင့် ရုရှားသမ္မတ ပူတင် (Vladimir Putin) ပိုမိုရဲတင်းလာပြီး အခြားနိုင်ငံများကိုလည်း ကျူးကျော်နိုင်ခြေ ရှိနေကြောင်း ပိုလန်နိုင်ငံက စိုးရိမ်နေသည်။

ရုရှားသည် ယူကရိန်းစစ်ပွဲကို အနိုင်ရရှိခဲ့မည်ဆိုပါက အခြားနေတိုးနိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်လိမ့်မည်ဆိုသည့် ထင်ကြေးပေးမှုများကိုမူ ပူတင်က ငြင်းဆိုထားသည်။

အမေရိကန်နဲ့နေတိုးအလံကိုတွေ့ရစဉ်

“ထရမ့်က ခန့်မှန်းလို့ မရတဲ့လူပါ။ စစ်ပွဲ စတင်ဖြစ်ပွားမှုအတွက် ယူကရိန်းကို အပြစ်တင်ခဲ့တာတွေ၊ သူပြောခဲ့တာ တွေနဲ့ လုပ်ခဲ့တာတွေက အရမ်းများပါတယ်”ဟု အသက် ၆၆ နှစ်အရွယ် ပိုလန်စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဟန်းနရစ် မာရွတ် (Henryk Marut) က ပြောကြားခဲ့သည်။

“ကျနော်က ၁၉၅၀ ပြည့်နှစ်မှာ မွေးခဲ့တာပါ။ ပိုလန်ကို သူတို့ (ရုရှားတွေ) အုပ်ချုပ်တဲ့အချိန်က သူတို့လုပ်ခဲ့တာ တွေကို ကျနော် သတိရနေတုန်းပါပဲ” ဟု မာရွတ်က ပြောကြားခဲ့သည်။

လတ်ဗီးယားနိုင်ငံ၏ အစိုးရဝန်ထမ်း‌ဟောင်း တစ်ဦးဖြစ်သည့် အသက် ၈၃ နှစ်အရွယ် စီလ်ဗီဂျာ စပရီနီယက်စ် (Silvija Spriedniece) ကလည်း ရုရှား၏ ရန်လိုမှုကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“ကျမက နိုင်ငံရေးသမားတစ်ဦး မဟုတ်ပါဘူး။ ဒါပေမယ့် ထရမ့်က ကျမတို့အတွက် ကောင်းတဲ့နိမိတ် မဟုတ်ဘူး ဆိုတာတော့ ကျမ နားလည်ပါတယ်" ဟု  စီလ်ဗီဂျာက ပြောကြားခဲ့သည်။

Source: ရိုက်တာ