CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရသည် ဘီလျံနာ အီလွန်မာ့စ် (Elon Musk)၏ရုံးမှ ကိုယ်စားလှယ်များကို တားဆီးခဲ့သည့် အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)၏ ထိပ်သီးလုံခြုံရေးအရာရှိ ၂ ဦးကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
မာ့စ်၏ အစိုးရ အကျိုးဆောင်ဌာန (DOGE) မှ ကိုယ်စားလှယ်များသည် USAID ရုံးအတွင်းရှိ ကန့်သတ်ထားသည့် နေရာများကို ဝင်ရောက်ချိန်တွင် ထိုလုံခြုံရေးအရာရှိ ၂ ဦးက တားမြစ်ခဲ့ခြင်းဖြစ်သဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရ သည်ဟု သတင်းရင်းမြစ်များက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် USAID ၏ လွတ်လပ်စွာ ရပ်တည်မှုကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက် သို့ သွတ်သွင်းရန် ကြိုးပမ်းနေချိန်တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း USAID ၏ ဝန်ထမ်းအများအပြား ထုတ်ပယ်ခံခဲ့ရသည်။
USAID ၏ ဥပဒေပြုရေးနှင့် ပြည်သူ့ရေးရာဗျူရိုမှ ဝန်ထမ်း ၃၀ နီးပါးသည် ၎င်းတို့၏ အီးမေးလ် အကောင့်များကို တစ်ညအတွင်းမှာပင် ဝင်ခွင့်မရတော့ကြောင်း သတင်းရင်းမြစ် ၅ ခုက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းမှာပင် USAID ၏ ထိပ်သီးအရာရှိပေါင်း ၁၀၀ နီးပါးသည် အလုပ်လုပ်ခွင့် မရတော့ဘဲ အနားယူခဲ့ရသည်။
“DOGE ဟာ မနေ့တုန်းက အဆောက်အအုံထဲကို ဝင်ခဲ့ပါတယ်”ဟု အမည်မဖော်လိုသည့် အထက်လွှတ်တော်မှ ဒီမိုကရက်တစ်ဦးက ပြောကြားခဲ့သည်။
USAID လုံခြုံရေးအရာရှိများက လုံခြုံရေး အထောက်အထားမရှိဘဲ ဝင်လာသည့် DOGE ကိုယ်စားလှယ်များကို ဟန့်တားရန် ကြိုးပမ်းခဲ့သည်ဟုဆိုသည်။
“USAID လုံခြုံရေးအရာရှိတွေဟာ ဖက်ဒရယ်ဥပဒေနဲ့ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ် အပြီးမှာ USAID ရဲ့ လုံခြုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂျွန် ဗူဟာဟီးစ် (John Voorhees) နဲ့ သူ့လက်ထောက်ဟာ ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်”ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထရမ့်သည် အမေရိကန်၏ ပြည်ပကူညီထောက်ပံ့မှု အားလုံးနီးပါးကို ရပ်နားထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုအကူအညီများသည် ၎င်း၏ “အမေရိကန်ပထမ မူဝါဒ”နဲ့ ကိုက်ညီမှု ရှိ/မရှိ သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ