CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၄

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim)နှင့် ဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အလားတူ ဒစ်ဂျစ်တယ် ငွေကြေး အခြေအနေများနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့သည်။

မစ္စတာအန်ဝါသည် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးမှု အသေးစိတ်ကို ၎င်း၏ Facebook ပို့စ်တွင် ရေးသားဖော်ပြခဲ့ခြင်းမရှိဘဲ မြန်မာ့အရေး၊ ဒစ်ဂျစ်တယ်ငွေကြေး အခြေအနေတို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးမှုများသည်  အကျိုးရှိကြောင်း ပြောကြားခဲ့သည်။

သက်ဆင်နှင့် အန်ဝါတို့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ယူဆရ သည်။ 

သက်ဆင်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ကို တွေ့ရစဉ်

၎င်းတို့ ၂ ဦး၏ အစည်းအဝေးကို နောက်ပိုင်းတွင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုက တက်ရောက် ခဲ့သည်။

မလေးရှားသည် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးအား မရယူမီ အန်ဝါက သက်ဆင်ကို ၎င်း၏ ပုဂ္ဂိုလ်ရေး အကြံပေးအဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက မလေးရှားနိုင်ငံ၊ လန်ဂါဝီ (Langawi) ကျွန်းတွင် ပြလုပ်ခဲ့သည့် အာဆီယံအစည်းအဝေး၌ အဖွဲ့ဝင် နိုင်ငံများက မြန်မာနိုင်ငံကို ဆွေးနွေးမှု ပြုလုပ်ရန်နှင့် ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးရရှိအောင် ဦးစားပေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃၁ ရက်က ၄ နှစ် ကြာမြင့်နေပြီဖြစ်သည့် အရေးပေါ် အုပ်ချုပ်ရေးကာလကို သက်တမ်း ထပ်တိုးခဲ့သဖြင့် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့် အစီအစဉ်များကို နှောင့်နှေးကြန့်ကြာစေခဲ့သည်။

Source: ဘန်ကောက်ပို့စ်