CNI International News

အက်စ်တာနာ၊ ဇူလိုင် ၄

ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့သည် ကာဇက်စတန်နိုင်ငံ၌ ပြုလုပ်သည့် ရှန်းဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ညီလာခံတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှား၊ တရုတ်နှင့် ဗဟိုအာဏာနိုင်ငံများသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ လွှမ်းမိုးမှုကို တန်ပြန်ရန် အတွက် ၂၀၀၁ ခုနှစ်က SCO ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် အီရန်၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ပါ ပါဝင် လာခဲ့သည်။

ပူတင်သည် ကာဇက်စတန်နိုင်ငံ အက်စ်တာနာ (Astana) မြို့တော်တွင် ဇူလိုင် ၃ ရက်နှင့် ၄ ရက်၌ ပြုလုပ်မည့် SCO ညီလာခံမှာ အခြားနိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း သီးသန့် တွေ့ဆုံမှုများ ပြုလုပ်မည်ဖြစ်သည်။

ယခုလကုန်ပိုင်းတွင် ရုရှားသို့ သွားရောက်မည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ကမူ ယခုပြုလုပ်နေ သည့် SCO အစည်းအဝေးကို တက်ရောက်မည် မဟုတ်ကြောင်း အိန္ဒိယနိုင်ငံက ပြောကြားခဲ့သည်။

ပူတင်နဲ့ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

မိုဒီသည် ၎င်းကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) ကို စေလွှတ်ခဲ့သည်။

SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့် အဖွဲ့အစည်းအတွင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရေးအတွက် အလားအလာများကို ဆွေးနွေးကြမည်ဖြစ် ကြောင်း ကရင်မလင် (Kremlin) က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဗွီဒီယို ဆက်သွယ်မှုမှတဆင့် ပြုလုပ်သည့် SCO အစည်းအဝေးတွင် သက်ဆိုင်ရာ တစ်နိုင်ငံချင်းစီ အလိုက် သို့မဟုတ် နိုင်ငံအုပ်စုအလိုက် ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ကာကွယ်ရေးစနစ်များကို အကန့်အသတ်မရှိ ချဲ့ထွင်နေသည့် ဆိုးကျိုးများအား ဝေဖန်ကြောင်း အစီအရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာသည် နေတိုး၏ အင်အားချဲ့ထွင်မှုနှင့် အနောက်နိုင်ငံများက ယူကရိန်းကို စစ်ရေးအကူအညီများ ပေးနေမှုအား ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ယူဆခံခဲ့ရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း တရုတ်နှင့် ရုရှားသည် နှစ်နိုင်ငံအကြား အကန့်အသတ် မရှိသည့် ဆက်ဆံရေး ကို ကြေညာခဲ့ပြီး ပူတင်နှင့်ရှီအကြား မိတ်ဖက်ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းခဲ့သည်။

Source: ရိုက်တာ