CNI International News

နယူးဒေလီ၊ ဇူလိုင် ၄

အိန္ဒိယနှင့် မွန်ဂိုလီးယား စစ်တပ်များအကြား ၁၆ ကြိမ်မြောက် Nomadic Elephant အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို အိန္ဒိယ၏ မက်ဂါလာယာ (Meghalaya) ပြည်နယ်၊ အွမ်ရိုအီ (Umroi) မြို့တွင် ဇူလိုင် ၃ ရက်မှ စတင်ပြီး ၁၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ကြေညာခဲ့သည်ဟု Economic Times မှ ဖော်ပြခဲ့သည်။

မက်ဂါလာယာပြည်နယ်တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများသည် နှစ်နိုင်ငံစစ်တပ်အကြား မြို့ပြနှင့် တောင်တန်းဒေသများ၌ သမားရိုးကျ စစ်ဆင်ရေးများ ပြုလုပ်ရာမှာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ပြန်ကြားရေးဦးစီးဌာနက X လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။

Nomadic Elephant စစ်ရေး လေ့ကျင့်မှုသည် မွန်ဂိုလီးယားနှင့် အိန္ဒိယနိုင်ငံများတွင် တစ်လှည့်စီ ပြုလုပ်လေ့ ရှိသည့် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

၁၅ ကြိမ်မြောက် Nomadic Elephant စစ်ရေးလေ့ကျင့်မှုကို မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာ (Ulaanbaatar) မြို့တွင် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မွန်ဂိုလီးယားစစ်တပ်၏ တပ်ဖွဲ့ ၀၈၄ နှင့် အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယား (Jammu and Kashmir) ခြေမြန်တပ်ရင်းမှ စစ်သားများ ပါဝင်ခဲ့သည်။

မွန်ဂိုလီးယားနဲ့ အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါတဲ့ စစ်သားတွေကိုတွေ့ရစဉ်

ယခုနှစ် မေလ ၁၆ ရက်နှင့် ၁၇ ရက်ကလည်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးနှင့် မွန်ဂိုလီးယား ကာကွယ်ရေးဝန်ကြီး တို့အကြား ၁၂ ကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန် များပြားသည့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၏ တိုးတက်မှု အလားအလာကို သုံးသပ်ခဲ့ကြသည်။

ထိုအစည်းအဝေးကို အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွဲဖက် အတွင်းဝန် အမီတာပရာဆက် (Amitabh Prasad) နှင့် မွန်ဂိုလီးယား ဗိုလ်မှူးချုပ် ဂန်ခူယက် ဒါဗက်ဒေါ့ဂျ် (Gankhuyag Davagdori) တို့က သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။

ထိုအစည်းအဝေးကို မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်လည်း တက်ရောက်ခဲ့ပြီး ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး အားရကျေနပ်မှုရှိကြောင်း အစည်းအဝေး တက်ရောက်လာသည့် နှစ်နိုင်ငံ ကိုယ်စားလှယ်များက ဖော်ပြခဲ့သည်။

မွန်ဂိုလီးယား တာဝန်ရှိသူများက အိန္ဒိယ၏ စက်မှုလုပ်ငန်းကဏ္ဍ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးများ မြင့်တက်နေသည့် အခြေအနေကို နှစ်ဖက်စလုံးက အသိအမှတ်ပြု လက်ခံခဲ့ကြသည်။

Source: Economic Times