CNI International News
ဒါကာ၊ ဖေဖော်ဝါရီ ၁၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျင်းပမည့် ရွေးကောက်ပွဲအပြီးတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မည့် ကြိုးပမ်းမှုသည် သေချာရေရာမှုမရှိကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ (Khaleda Zia) ၏ ဈာပနသို့ တက်ရောက်ရန် ဒါကာ (Dakha) မြို့တော်သို့ သွားရောက်ခဲ့သည်။
ထိုခရီးစဉ် ပုံမှန်ဝမ်းနည်းကြောင်း ဖော်ပြသည့် သံတမန်ရေးရာ ခရီးစဉ်တစ်ခုထက် ပိုမိုကျယ်ပြန့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အကြီးအကျယ် ကျဆင်းသွားပြီးနောက် အိန္ဒိယဘက်က ဘင်္ဂလားဒေ့ရှ်အပေါ် ထားရှိသော မူဝါဒကို ပြန်လည် ချိန်ညှိနေကြောင်း ပြသသည့် လက္ခဏာတစ်ခုဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာ ဆီနာ (Sheikh Hasina) နှင့် ၎င်း၏ အဝါမီလိဂ်(Awami League)ပါတီ အပေါ်တွင်သာ အဓိကအားပြုပြီး ဆက်ဆံ ခဲ့သည်။
သို့သော် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဟာဆီနာ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားပြီးနောက် ဟာဆီနာသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကာ အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ရ သဖြင့် အိန္ဒိယ၏ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှု မဟာဗျူဟာလည်း ချက်ချင်း ပြိုလဲသွားခဲ့သည်။
သို့သော် လာမည့်ရက်ပိုင်းတွင် ကျင်းပမည့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသည် တင်းမာမှုများ ရှိနေဆဲဖြစ်သော် လည်း ဆက်ဆံရေးကို ပြန်လည် စတင်ရန် အခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မည်ဟု လေ့လာဆန်းစစ်သူများက ဆိုကြသည်။
အထူးသဖြင့် အိန္ဒိယသည် ဇီယာ၏ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) နှင့် ၎င်း၏ဥက္ကဋ္ဌဖြစ်သူ ဇီယာ၏ သား တာရစ် ရာမန် (Tarique Rahman) တို့နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ စတင် ဖွင့်လှစ်နေပြီဖြစ်သည်။
BNP ပါတီသည် လူထုအုံကြွမှု ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရရန် အလားအလာ အရှိဆုံးပါတီအဖြစ် ရှုမြင်ခံထားရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင် ရှိတ်ဟာဆီနာကို တွေ့ရစဉ်
သို့သော် အိန္ဒိယက ရာမန်နှင့် ဆက်သွယ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပင် ခရစ်ကတ် အားကစားနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား ကြီးမားသည့် အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကစားရန် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြခဲ့ပြီးနောက် အိန္ဒိယ၌ ကျင်းပမည့် ခရစ်ကတ် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဘင်္ဂလားဒေ့ရှ်အသင်း ဖြုတ်ချခံခဲ့ရသည်။
ထိုဖြစ်ရပ်သည် ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်ကစားသမား မူစတာဖီဇာ ရာမန် (Mustafizur Rahman) ကို အိန္ဒိယ ပရီးမီးယားလိဂ် (IPL) မှ အကြောင်းပြချက် မရှိဘဲ ထုတ်ပယ်ခဲ့မှုမှ စတင်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အခြေအနေကို ပိုမိုရှုပ်ထွေးစေသည့် အချက်မှာ ဟာဆီနာ လက်ထက်က ရပ်တန့်လုနီးပါး ဖြစ်ခဲ့သော ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးမှာလည်း ပြန်လည် ကောင်းမွန်လာခြင်းပင် ဖြစ်သည်။
ကမ္ဘာ့ဖလားအတွက် အိန္ဒိယသို့ မသွားသည့် ဘင်္ဂလားဒေ့ရှ်၏ ဆုံးဖြတ်ချက်ကို ပါကစ္စတန်က ထောက်ခံပေးခဲ့ သည်။
“မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ခရစ်ကတ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုဟာ နှစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသားရေးဝါဒီ စိတ်ဓာတ်တွေကြောင့် ဆက်ဆံရေးကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ကြိုးပမ်းမှုတွေနဲ့ Awami League ခေတ်ကို ကျော်လွန်ပြီး ရှေ့ဆက်မယ့် ကြိုးစားမှုတွေကို အဟန့်အတား ဖြစ်စေနိုင်တယ်ဆိုတာကို ပြသတဲ့ ဥပမာ တစ်ခုပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့မှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေး သောမတ်စ် ကင်း (Thomas Kean) က ပြောကြားခဲ့သည်။
“ဘယ်လိုပဲ နိုင်ငံရေးအရ အယူအဆ ကွဲပြားပါစေ၊ နယ်စပ်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ မြစ်ရေမျှဝေ သုံးစွဲရေး ဆိုင်ရာ ကိစ္စရပ်တွေလိုမျိုး နှစ်နိုင်ငံ ဆက်ဆံရေးမှာ အမြဲတမ်းရှိနေတဲ့ ပြဿနာတွေဟာ ဘယ်အစိုးရအတွက်မဆို စီမံခန့်ခွဲဖို့ခက်ခဲမယ့် စိန်ခေါ်မှုကြီးတွေ ဖြစ်နေဦးမှာပါပဲ” ဟု ကင်းက ပြောကြားခဲ့သည်။
Source: Nikkei Asia
