CNI International News
ဒါကာ၊ နိုဝင်ဘာ ၂၅
ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနိုင်ငံတွင် ရှိနေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာဆီနာ (Sheikh Hasina) ကို လွှဲပြောင်းအပ်နှံရန် အိန္ဒိယထံ နောက်ထပ်တစ်ကြိမ် တောင်းဆိုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တရားရုံးသည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ကျောင်းသားများ ဦးဆောင်သော ဆူပူအုံကြွမှုများ အတွင်း ဆန္ဒပြသူများကို ရက်စက်စွာ ဖြိုခွင်းမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် သီတင်းပတ်က ဟာဆီနာအား မျက်ကွယ်ပြစ်ဒဏ်အဖြစ် သေဒဏ် ချမှတ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရုံးအဖွဲ့အကြီးအကဲ တူဟစ် ဟော့စိန် (Touhid Hossain) ကမူ ဘင်္ဂလားဒေ့ရှ်အစိုးရ သည် ဟာဆီနာအား လွှဲပြောင်းအပ်နှံရန် တိုက်တွန်းထားသည့် စာတစ်စောင်ကို လွန်ခဲ့သည့် ၂ ရက်က အိန္ဒိယ အစိုးရထံ ပေးပို့ခဲ့သည်ဟု ပြောကြားခဲ့သည်။
အသက် ၇၈ နှစ်အရွယ် ဟာဆီနာသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးကတည်းက နိုင်ငံ အတွင်းမှ ထွက်ပြေးသွားခဲ့ကာ အိန္ဒိယနိုင်ငံတွင် ပြည်ပြေးအဖြစ် နေထိုင်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ်က ဟာဆီနာကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းခဲ့သည့် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများအတွင်း အာဏာပိုင်များ၏ အင်အားသုံး ဖြိုခွင်းမှုကြောင့် လူပေါင်း ၁၄၀၀ ခန့် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြား ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
နိုဝင်ဘာ ၁၇ ရက်တွင် ဒါကာမြို့တော်ရှိ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အထူးခုံရုံး (ICT) က ဟာဆီနာကို လူသား မျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုများဖြင့် သေဒဏ်ချမှတ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဟာဆီနာကို ပြန်လည်လွှဲပြောင်း အပ်နှံမှုအတွက် အိန္ဒိယအနေဖြင့် နှစ်နိုင်ငံကြား ချုပ်ဆိုထားသည့် စာချုပ်အရ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ဟာဆီနာ၏ မိတ်ဆွေ မဆန်သည့် အပြုအမူများနှင့် ဆိုးရွားသော လုပ်ဆောင်ချက်များကို အကာအကွယ် ပေးထားပြီး လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံထားရသော ၎င်းအား ခိုလှုံခွင့်ပေးသည့် နိုင်ငံသည် တရားမျှတမှုကို လေးစားရာ ရောက်လိမ့်မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဘင်္ဂလားဒေ့ရှ် တရားရုံး၏ စီရင်ချက် ချမှတ်မှုကို သိရှိခဲ့ကြောင်း ပြောကြားခဲ့သော်လည်း လွှဲပြောင်းအပ်နှံရေး တောင်းဆိုချက်နှင့်ပတ်သက်ပြီး တိုက်ရိုက် မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
Source: အယ်လ်ဂျာဇီးယား
