CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၂၅

ရုရှားနှင့်ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန်အတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ငြိမ်းချမ်းရေး အစီအစဉ်တစ်ခု ရရှိရန် နိုဝင်ဘာ ၂၄ ရက်က အမေရိကန်နှင့် ယူကရိန်းတို့ ဆွစ်ဇာလန်တွင် ဆွေးနွေးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှားကို မျက်နှာသာ ပေးထားသည်ဟု ယူကရိန်းနှင့် ဥရောပ မဟာမိတ်များက ရှုမြင်ထားသည့် အမေရိကန်၏ ငြိမ်းချမ်းရေး အဆိုပြုချက်ကို အဆင့်မြှင့်တင်ရန် သဘောတူခဲ့ပြီးနောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၂၃ ရက်က အမေရိကန်နှင့် ယူကရိန်းကြား  ပထမဆုံး ဆွေးနွေးခဲ့ပြီး နောက် ငြိမ်းချမ်းရေးမူဘောင်ကို ပြန်လည်စိစစ် သုံးသပ်ထားသည့် မူကြမ်းတစ်ရပ်ရှိကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

အမေရိကန်သည် ပြီးခဲ့သည့် သီတင်းပတ်က အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး ယူကရိန်းနှင့် ဥရောပနိုင်ငံများကို အံ့အားသင့်စေခဲ့သည်။

ယူကရိန်းအနေဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ လူသေဆုံးမှု အများဆုံး စစ်ပွဲကို အဆုံးသတ်ရန် အတွက် ငြိမ်းချမ်းရေးမူဘောင်များအား လိုက်နာရန် နိုဝင်ဘာ ၂၇ ရက်အထိ အချိန်ပေးထားသည်။

အမေရိကန်နဲ့ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်တစ်ခု ညှိနှိုင်းကြစဉ်

နိုဝင်ဘာ ၂၃ ရက်က ဆွေးနွေးမှုများအပြီး အနာဂတ်တွင် ရုရှား၏ ခြိမ်းခြောက်မှုများရန်မှ ယူကရိန်း၏ လုံခြုံရေး ကို အာမခံချက်ပေးမှု၊ ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေး၌ ငွေကြေးသုံးစွဲမှုတို့ကဲ့သို့ ဆက်လက် တည်ရှိနေ မည့် ပြဿနာများအား မည်သို့ ဖြေရှင်းသွားမည် ဆိုခြင်းကိုမူ ကြေညာချက် မထုတ်ပြန်ခဲ့ပေ။

ယူကရိန်းသမ္မတ ဇာလန်းစကီးကမူ ဆွေးနွေး ညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း ရုရှားအစိုးရကမူ ၎င်းတို့ထံ တရားဝင် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ထုတ်ပြန် ခဲ့သည်။

“ကျနော်တို့ကို အားမနည်းစေဘဲ အားကောင်းစေနိုင်မယ့် အပေးအယူတစ်ခု ရရှိဖို့အတွက် မိတ်ဖက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဇာလန်းစကီးက ဆွီဒင်နိုင်ငံတွင် သီးခြားပြုလုပ်နေသည့် ယူကရိန်း၏ မဟာမိတ်များ အစည်းအဝေးတွင် ဗွီဒီယိုဆက်သွယ်မှုမှတဆင့် ပြောကြား ခဲ့သည်။

ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွက် ရုရှားက နစ်နာကြေး ပေးရမည်ဖြစ်ကြောင်းနှင့် တားမြစ်ပိတ်ပင် ထားသည့် ရုရှား၏ ပိုင်ဆိုင်မှုများကို အသုံးပြုခြင်းသည် အရေးကြီးကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

Source: ရိုက်တာ