CNI International News
ဆာရာယေဗို၊ နိုဝင်ဘာ ၂၅
ဘော့စနီးယားနိုင်ငံ၏ ဆာ့ဘ်လူမျိုး အများစုနေထိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Republika Srpska ဒေသတွင် ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ ခွဲထွက်ရေး ကိုယ်စားလှယ်လောင်းဖြစ်သူ ဆီနီဆာ ကာရန် (Sinisa Karan) အနိုင်ရရှိသွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ကာရန်သည် ယခင်သမ္မတဖြစ်သည့် ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင် မီလိုရက် ဒိုဒစ် (Milorad Dodik) ၏ မဟာမိတ်ဖြစ်သည်။
နိုဝင်ဘာ ၂၃ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ကနဦး မဲရလဒ်များအရ ကာရန်သည် မဲ စုစုပေါင်း၏ ၅၀ ဒသမ ၈၉ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဂျိုဗန် ကာလာဘာ (Jovan Kalaba) က ပြောကြားခဲ့သည်။
ကာရန်သည် လွတ်လပ်သော ဆိုရှယ်ဒီမိုကရက်မဟာမိတ်(SNSD) ပါတီမှဖြစ်ပြီး ယခင်က Republika Srpska ဒေသ၏ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ယခင်သမ္မတ ဒိုဒစ်၏ ညာလက်ရုံးတစ်ဦးအဖြစ် ယူဆခံထားရသည်။

သမ္မတဟောင်း ဒိုဒစ်နဲ့ ဆီနီဆာ ကာရန်ကို တွေ့ရစဉ်
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က ဘော့စနီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့သည့် Dayton Agreement အမည်ရှိ ငြိမ်းချမ်းရေးစာချုပ်ကို တည်မြဲစေရန် တာဝန်ယူထားရသည့် နိုင်ငံတကာသံတမန်တစ်ဦးဖြစ်သည့် ခရစ္စတီယန် ရှမစ် (Christian Schmidt) ၏ ဆုံးဖြတ်ချက်များကို ဒိုဒစ်က မထီမဲ့မြင် ပြုလုပ်ခဲ့သည်။
ထို့ပြင် ဒိုဒစ်သည် ဆာ့ဘ်သမ္မတနိုင်ငံ ( Serb Republic) ဟု အဓိပ္ပာယ်ရသည့် Republika Srpska ဒေသကို ဘော့စနီးယားနိုင်ငံမှ အလုံးစုံခွဲထွက်မည်ဟု ထပ်တလဲလဲ ခြိမ်းခြောက်ခဲ့သည်။
ထိုခြိမ်းခြောက်မှုများကြောင့် လူပေါင်း ၁၀၀,၀၀၀ ခန့်သေဆုံးပြီး လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ စစ်ပွဲဖြစ်ပွားခဲ့သော ဘော့စနီးယားနိုင်ငံတွင် စိုးရိမ်မှုများကို နောက်တစ်ကြိမ် ပေါ်ပေါက် စေခဲ့သည်။

ဘော့စနီးယား ရွေးကောက်ပွဲ မဲထည့်နေကြစဉ်
ဒိုဒစ်သည် အနောက်နိုင်ငံများ၏ ထောက်ခံမှုဖြင့် ၁၉၉၈ ခုနှစ်တွင် အာဏာရလာခဲ့သော်လည်း နောက်ပိုင်း၌ သူသည် ဆာ့ဘ်အမျိုးသားရေး သဘောထားများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသခဲ့ကာ ရုရှားကို လိုလားသည့် သဘောထားကိုလည်း ပြသခဲ့သည်။
Dayton Agreement သဘောတူညီချက်အရ ဘော့စနီးယားနိုင်ငံကို ဖက်ဒရယ်အုပ်ချုပ်ခွင့်ရဒေသ ၂ ခု ခွဲထား ကြောင်း၊ ထိုဒေသ ၂ ခုအနက် တစ်ခုမှာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား ပြည်ထောင်စု(FBiH) ဖြစ်ပြီး နောက် တစ်ခုမှာ Republika Srpska (RS) ဖြစ်သည်။
ထို့ပြင် ၎င်းဒေသ ၂ ခု အာဏာခွဲဝေအုပ်ချုပ်သည့် ဒေသတစ်ခုကိုလည်း Brčko District ဟု အမည်ပေးထားသည်။
Source: ရိုက်တာ
