CNI International News

နိုင်ရိုဘီ၊ ဩဂုတ် ၁၂

ကင်ညာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲအတွက် မဲပေးမှုများ ပြီးဆုံးခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်သော်လည်း ရွေးကောက်ပွဲအပြီးလုပ်ငန်းစဉ်များမှာ ကြန့်ကြာနေသဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အားမလိုအားမရ ခံစားနေရကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

“ကျမ အင်မတန် စိတ်လှုပ်ရှားနေပါတယ်။ ညသန်းခေါင် အိပ်ရာက တရေးနိုးရင်တောင် ဖုန်းကို သတင်းကြည့်ဖို့ (ဒါမှမဟုတ်) တီဗီဖွင့်ကြည့်ဖို့ ထမိတော့တာပဲ” ဟု ကင်ညာနိုင်ငံအနောက်ပိုင်းရှိ အယ်ဒိုရက်မြို့တွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ်ရှိ ဂျာကွီလိုင်းအက်ဟီရန်ဘို (Jacqueline Adhiambo) က ပြောကြားခဲ့သည်။

ယခင်ဒုတိယသမ္မတဖြစ်ခဲ့ပြီး ယခုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဝီလျံရူတို (William Ruto) ၏ အမာခံ မဲဆန္ဒနယ်ဖြစ်သည့် အယ်ဒိုရက် (Eldoret) မြို့တွင် မဲဆန္ဒရှင်တစ်ဦးအဖြစ် မှတ်ပုံတင်ထားသူ အက်ဟီရန်ဘိုသည် ဩဂုတ်လ ၉ ရက် ရွေးကောက်ပွဲအကြိုကာလမှာပင် မြို့တော်နိုင်ရိုဘီသို့ ထွက်ခွာလာခဲ့သည်။ သမ္မတလောင်း ရူတိုသည် ၎င်း၏အနီးကပ်ဆုံးပြိုင်ဘက် ရိုင်လာအိုဒင်ဂါကို ရှုံးနိမ့်သွားလျှင် အကြမ်းဖက်မှုများ ပေါ်ပေါက်မည်ကို သူမ စိုးရိမ်နေမိခဲ့သည်။

ကင်ညာနိုင်ငံတွင် မဲရုံတစ်ခုသို့ မဲလာရောက်ပေးနေသည့် လူအများအပြားကို တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ဩဂုတ် ၉ ရက် ရွေးကောက်ပွဲတွင် မဲပေးသူ ၆၄ ရာခိုင်နှုန်းတို့၏ အဆုံးအဖြတ်သည် အရေးကြီးနေသည်။

ကင်ညာသည် အာဖရိကတိုက်၊ အရှေ့ပိုင်းတွင် စီးပွားရေးအင်အားကောင်းလှပြီး ဒီမိုကရေစီနိုင်ငံလည်းဖြစ်သော် လည်း ရွေးကောက်ပွဲအပြီး လုပ်ငန်းစဉ်များမှာ နှောင့်နှေးနေဆဲဖြစ်သည်။

ကင်ညာနိုင်ငံအနှံ့အပြားရှိ လူထုသည် နောက်ဆုံးရ ရွေးကောက်ပွဲသတင်းများကို သိရှိနိုင်ရန်အတွက် ရေဒီယို၊ တီဗီ တို့ကို အသင့်ဖွင့်ထားကြပြီး အင်တာနက် လူမှုကွန်ရက်မီဒီယာများသို့ ချိတ်ဆက်၍ စောင့်ကြည့်နေကြသည်။

ဆယ်ဂဏန်းမျှရှိသော အရပ်ဘက်အဖွဲ့အစည်းများအပြင် မီဒီယာများနှင့် ခရစ်ယာန်အသင်းတော်ကောင်စီ (NCCK) တို့သည် အရေးကြီးသည့် ရွေးကောက်ပွဲရလဒ်ကိန်းဂဏန်းများကို အပြိုင်အဆိုင် ချပြနေကြသည်။

မဲရလဒ်စာရင်းဇယားများရှိ သမ္မတလောင်းများဖြစ်ကြသည့် ရူတိုနှင့် ရိုင်လာအိုဒင်ဂါတို့၏ အခြေအနေကို မီဒီယာ အများအပြား၌ သီးခြားပြသခဲ့ရာ နိုင်ငံတဝန်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေခဲ့သည်။

သို့သော် ရူတိုသည် ၎င်း၏ပြိုင်ဘက်နှင့် နှိုင်းယှဉ်လျှင် ရွေးကောက်ပွဲအကြို လူထုသဘောထားစစ်တမ်းများအရ စွမ်းဆောင်ရည်မှာ သာလွန်နေခဲ့သည်။

 မဲလာပေးနေသည့် လူတန်းရှည်ကြီးကို တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

နိုင်ငံတဝန်းရှိ မဲရုံပေါင်း ၄၆,၂၂၉ ရုံရှိခဲ့ရာ မဲရုံတစ်ရုံဆီမှ မဲစာရင်းပုံစံ (၃၄-က) ၏ မိတ္တူများကို လွတ်လပ်သော ရွေးကောက်ပွဲကျင်းပရေးနှင့်နယ်နိမိတ်ဆိုင်ရာကော်မရှင် (IEBC) က လက်ခံရရှိပြီးနောက် စာရင်းကောက်ခြင်းနှင့် မဲပြားများစိစစ်ခြင်းများကို စတင်မည်ဟု သိရသည်။

ဩဂုတ် ၁၁ ရက် မွန်းတည့်ချိန်အထိ သမ္မတရွေးကောက်ပွဲ ရလဒ်များနှင့်အတူ မဲစာရင်းပုံစံ ၄၆,၂၂၉ အနက် ၄၆,၁၃၈ ကို လက်ခံရရှိပြီးဖြစ်ကြောင်း ကင်ညာရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ ကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် မဲရုံအသီးသီးမှ ရလဒ်များ၏ ၉၉ ရာခိုင်နှုန်းကို နောက်ဆုံးလွှင့်တင်ပေးထားကြောင်း အသိပေးခဲ့ သည်။

သမ္မတရာထူးရရှိရန် ကိုယ်စားလှယ်လောင်းတစ်ဦးဦးသည် ကင်ညာနိုင်ငံ၏ စီရင်စုမဲဆန္ဒနယ် ၄၇ ခုအနက် အနည်းဆုံး ၂၄ ခုတွင် မဲ ၅၀ ရာခိုင်နှုန်းကျော်နှင့် အနိမ့်ဆုံး ၂၅ ရာခိုင်နှုန်း ရရှိရန် လိုအပ်ကြောင်း အယ်လ်ဂျာဇီး ယားသတင်းတွင် ရေးသားထားသည်။

Source: Aljazeera