CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၁၀
နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်သင့်သလဲဆိုသည်ကို နည်းလမ်းရှာဖွေရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးနှင့် ဝင်ငွေ ကွဲပြားစွာမြင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အစိုးရသည်လည်း စီးပွားရေးမူဝါဒကို အတိမ်းအစောင်း မခံဘဲ စည်းကမ်း၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အထောက်အကူ ပြုနိုင်သည့် အတွေးအခေါ်မျိုး လိုအပ်သည်ဟု ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင် ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အမျှော်အမြင်ပေါ့ သဘောက အလုပ်တစ်ခုကို နည်းနာစနစ်တကျနဲ့ တကယ်တမ်း ကမ္ဘာနဲ့ ယှဥ်အောင် လုပ်နိုင်မှ ငါတို့သည် ကမ္ဘာ့ Level ရောက်မယ်ဆိုတဲ့ Stress လိုတာပေါ့။ ပိုက်ဆံရတိုင်း ဘယ်လိုခေါ်မလဲ Earning တိုင်းက Business မဟုတ်ဘူးလေ၊ Business နဲ့ Earning နဲ့ ကွဲဖို့လိုတာပေါ့။ အဲ့တော့ အစိုးရဘက်ကလည်း လုပ် ဆောင်ပေးရမှာတွေ ရှိတာပေါ့။ လုပ်ဆောင်ပေးရမှာတွေသည် Smart ကျဖို့လိုတာပေါ့နော်၊ Smart ကျဖို့ဆိုတာက စည်းနဲ့ကမ်းနဲ့ ဥပဒေနဲ့နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဒါတွေအားလုံးသည် စီးပွားရေး မူဝါဒကို လုံးဝအထိမခံ အတိမ်းစောင်း မခံပဲနဲ့ Support ပေးတဲ့ အတွေးအခေါ်မျိုး လိုတာပေါ့ နှစ်ဖက်စလုံးက။ လုပ်ငန်းရှင်ဘက်ကလည်း ဒါသည် ငါလုပ်နေရတာသည် နည်းမှန်လမ်းမှန်နဲ့ သွားနေတဲ့ကိစ္စ တစ်ခုသည် ရေရှည်ကာလကြီးမှာ လောလော ဆယ် ငါပိုက်ဆံရဖို့တင် မဟုတ်ဘူး။ ရေရှည်ကာလကြီးမှာ ငါ့အဆင့်သည် ကမ္ဘာအဆင့် ရောက်သွားဖို့ အတွက်ကို သွားနေရပါလားဆိုတာကို နားလည်ဖို့လိုတာပေါ့။ အစိုးရဘက်ကလည်း အဲ့အဆင့် ရောက်အောင်သွားဖို့ မောင်းနိုင် တဲ့ အရည်အချင်းရှိဖို့ လိုတာပေါ့။ အဲ့တော့ သူတို့နှစ်ဦးရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတာပေါ့”ဟု ပြော သည်။

ဈေးသည်ကို တွေ့ရစဉ်
ထို့နောက် အစိုးရဘက်မှ စည်းကမ်း၊ နည်းဥပဒေ၊ မူဝါဒ၊ ညွှန်ကြားချက်များကို သေချာ ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟုလည်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က ထောက်ပြသည်။
၎င်းက “တကယ်တော့ လုပ်ငန်းရှင်တွေဆိုဒ်က လုပ်သာကိုင်သာ လုပ်ခွင့်ကိုင်ခွင့်သာအောင်သာ ဥပဒေ၊ နည်း ဥပဒေ လုပ်ထုံးလုပ်နည်း၊ စည်းကမ်း၊ ညွှန်ကြားချက်၊ မူဝါဒ အစရှိသဖြင့် ဒါတွေနဲ့ ပံ့ပိုးပေးရတာပေါ့။ တကယ် လုပ်သွားတာက Private sector က လုပ်သွားတာ Private sector က တကယ်လုပ်နိုင်အောင် ဥပဒေနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း စတာတွေဟာ ဒါတွေကတော့ ဘယ်လိုခေါ်မလဲ သေချာလေး ပြန်ပြီးတော့ review လုပ်သင့်တာပေါ့နော်”ဟု ပြောသည်။
နိုင်ငံတော် အစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များ၏ အသံများကို သေချာ နားစိုက်ထောင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် အစိုးရ အမြဲမပြတ် ထိတွေ့ဆက်ဆံ၍ လုပ်ကိုင်ဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရနှင့် လုပ်ငန်း ရှင် ချိတ်ဆက်ဆောင်ရွက်မှုကဏ္ဍတွင် အားနည်းနေသည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံမှ CNIသတင်းဌာနသို့ ပြောသည်။

ကုန်ထမ်းသမားကို တွေ့ရစဉ်
၎င်းက “အစိုးရကလည်း စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အသံတွေကို သေသေချာချာ နားစိုက်ထောင်ဖို့ လိုတယ်ပေါ့ အသင်းတွေနဲ့ တွေ့ဆုံတာ တွေကလည်း အမြဲမပြတ် လုပ်သင့်တယ်။ ဥပမာ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ တွေနဲ့ တွေ့ဆုံဖို့ ခက်ခဲရင်တောင် တိုင်းနဲ့ပြည်နယ်မှာ UMFCCI မှာ ထိုင်တဲ့တာဝန်ရှိသူတွေ ပြီးတော့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းရှင်တွေပေါ့။ တချို့ ဘာအသင်း ဘာအဖွဲ့မှ မဝင်ထားတဲ့ လုပ်ငန်းရှင်ကြီး တွေလည်းရှိတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဒီလုပ်ငန်းရှင်တွေနဲ့ အစိုးရအဖွဲ့တွေနဲ့ ခေါ်တွေ့ပြီး တော့ ဘာတွေလိုအပ်သလဲ၊ ဘာတွေ လုပ်ပေးရမလဲဆိုတာ အမြဲမပြတ် ထိတွေ့ဆက်ဆံပြီးတော့ အလုပ်လုပ်ကြဖို့ လိုအပ်တယ်။ လုပ်ငန်းရှင်တွေက အကူအညီလိုတော့မှ လိုအပ်ချက်တွေရှိမှ အစိုးရကို တင်ပြနေတာထက် အစိုးရ ကလည်း ဘာတွေ လိုအပ်တယ်ဆိုတာကို လုပ်ငန်းရှင်တွေကို မေးမြန်းပြီးတော့ ချိတ်ဆက် ဆောင်ရွက်မှုအပိုင်းက တော်တော်ကို အားနည်းခဲ့တယ်ပေါ့”ဟု ပြောသည်။
မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာစေရေးအတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ထိုင်း၊ အိန္ဒိယ စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကနေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားနည်းခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိခြင်း၊ လုပ်သား အရင်းအမြစ် ရှားပါးလာခြင်း၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံရခြင်း စသည့် အခြေအနေများကြောင့် စီးပွားရေး ကျဆင်းလျက်ရှိနေသည်။
