CNI New

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံအတွင်း ကုန်စည် စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်အတွက် အစိုးရအနေဖြင့် ပို့ကုန်သွင်းကုန် မူဝါဒများ ယခုထက် ပိုမို၍ ဖြေလျှော့ပေးရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် လက်နက်ကိုင်ထားသူများ၏ ငွေကြေး ကောက်ခံမှု များပြားခြင်း အပါအဝင် မူဝါဒများ တင်းကြပ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်တွင်း ကုန်သွယ်ရေး လုပ်ငန်းများတွင် ကုန်စည်စီးဆင်းမှု အခက်အခဲများ ကြုံတွေ့နေကြရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှတဆင့် လူသုံးကုန်ပစ္စည်းများ အဓိက တင်သွင်းရာ ယခင်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အသုံးပြုကာ လွယ်ကူ ချောမွေ့နေသော်လည်း လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် ကရင်လက် နက်ကိုင်များကြား တိုက်ပွဲများကြောင့် အာရှလမ်းမကြီးကို ပိတ်ထားရသည်။

ကုန်သွယ်ရေးလမ်းပေါ်မှာ TNLA အဖွဲ့က စစ်ဆေးမှုလုပ်နေသလို ငွေကြေးကောက်ခံနေစဉ်

ထို့နောက် ထိုင်းကုန်စည်များ တင်သွင်းသည့် ကုန်ကားများသည် မြဝတီမြို့မှ ဒေါနတောင် လမ်းဟောင်းဟုခေါ် သည့် မြဝတီ-ထော့ကော်ကိုး-နဘူး-ဘားအံလမ်းပိုင်းကို အသုံးပြုသွားလာ နေကြရသည်။

ကုန်သွယ်ရေး လမ်းကြောင်းတွင် ပင်လယ်ထွက်ပေါက် တစ်ခုကို အားကိုးနေရသည့် အခြေအနေဖြစ်သောကြောင့် ဖြေလျှော့မှုများ ယခုထက် ပို၍ လုပ်ပေးရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဟာက ကုန်သွယ်ရေးလမ်းကြောင်းမှာ ပင်လယ်ထွက်ပေါက် တစ်ခုကိုပဲ အားကိုး နေရတဲ့ အခြေအနေရှိတယ်ပေါ့၊ အဲတော့ လမ်းတွေပြန်ပွင့်အောင် လုပ်ဖို့ဆိုတာ အချိန်ကာလ တစ်ခုအထိ ယူရပါမယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့လည်း လိုပါသေးတယ်။ ဟို လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်နေတဲ့ အခြေအနေမျိုးတွေက သေချာတာက စီးပွားရေး ကောင်းလာစရာမရှိဘူးပေါ့၊ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြောတာဖြစ်ပါတယ် ဆိုတော့ အစိုးရအနေနဲ့ကတော့ ကျနော်တို့က လက်ရှိ ပင်လယ် ရေကြောင်းကိုပဲ အားကိုးနေရတဲ့ ကုန်သွယ်မှု လုပ်ငန်းတစ်ခုမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ တချို့လိုင်စင်တွေပေါ့။ ပို့ကုန်ပဲဖြစ်ဖြစ် သွင်းကုန်ပဲဖြစ်ဖြစ် ဖြေလျှော့မှုတွေ အခုထက်ပိုပြီး လုပ်ပေးဖို့တွေ လိုအပ် ပါတယ်။ ကုန်သည်တွေ ဘက်ကလည်း အခက်အခဲတွေကို တင်ပြတဲ့အခါမှာ ကျနော်တို့ကတော့ ဘာလိုချင်ပါ တယ်။ ကျနော်တို့ကတော့ ဘာဖြစ်နေပါတယ်။ အဲတော့ ကျနော်တို့ကိုတော့ ဘာလုပ်ပေးပါ ဆိုတာမျိုးတွေကို အစိုးရကို တိတိကျကျ ကျနော်တို့က တောင်းဆိုတတ်ဖို့ လိုသလို အစိုးရဘက်ကလည်း ကုန်သည်တွေ ချပြလာတဲ့ အရာ တောင်းဆိုလာတဲ့ အရာတွေကို အမြန်ဆုံးပေါ့၊ အဆင့်ဆင့် ကျနော်တို့က ဆုံးဖြတ်ချက်တွေ ချပြီးတော့ မူဝါဒ တွေ ပြင်ဖို့လိုတယ်”ဟု ပြောသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် တိုက်ပွဲများကြောင့် ရပ်တန့်ထားရသလို တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သော ကျယ်ခေါင်-မူဆယ်-လားရှိုး-မန္တလေး လမ်းမကြီးသည်လည်း တိုက်ပွဲများကြောင့် ရပ်တန့်ထားရသည်။

ရေကြောင်း ကုန်သွယ်ရေးကိုတွေ့ရစဉ်

ကုန်သွယ်ရေးလုပ်ရာတွင် လမ်းကြောင်းတလျှောက် လုံခြုံရေး ချောမွေ့ရန် လိုအပ်ကြောင်း၊  မလုံခြုံလျှင် ကုန်ပစ္စည်းနှင့်ကုန်သည်၏ အသက်အန္တရာယ် စွန့်စားရခြင်းများ ရှိလာမည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက,ကတော့ ကျနော်တို့ လမ်းကြောင်းက ရှမ်းမြောက်ကပဲ ကုန်သွယ်တာ များတာကို ရှမ်းမြောက် လမ်းကြောင်းက မတည်ငြိမ်ဘူးလေ အဓိက,ကတော့ အဲကိစ္စရှိတယ်။ နောက်တစ်ခုက ကုန်သွယ်ရေး အတား အဆီးတွေပေါ့၊ အရေးအကြီးဆုံး အချက်ကတော့ လုံခြုံရေးပဲ လုံခြုံရေးဆိုတာ တစ်နည်းအားဖြင့် နိုင်ငံရေးကြောင့် ဖြစ်လာတာကို လောလောဆယ် အဲလမ်းတစ်လျှောက် လုံခြုံရေးကို ဘယ်လောက် အာမခံပေးနိုင်မလဲ ပြီးမှ ကျန်တာတွေကိုတော့ ဘယ်လိုခေါ်မလဲ စဉ်းစား ပညာရှင်တွေရှိပါတယ်။ အစိုးရအဖွဲ့မှာလည်း ဝိုင်းဝန်း တိုင်ပင် ဆွေးနွေးပြီးတော့ လုပ်ကြပေါ့။ တရုတ်ဆိုတာ ဘာလဲပြောရင်တော့ အရှည်ကြီးပေါ့၊ လိုရင်းတိုရှင်း ပြောရရင်တော့ ဘယ်လိုခေါ်မလဲ ဘယ်လိုပြောမလဲ ၁၀၀ ရာခိုင်နှုန်း စိတ်ချပြီးတော့ လုပ်ကိုင်ထားလို့ရတဲ့ သမိုင်းကြောင်း ကျနော် တို့မှာလည်း မရှိခဲ့ဘူးလေ။ အဲတော့ ကိုယ့်ဘက်က တော်တော်လေး သတိထားပြီးတော့ လုပ်မှရမှာပေါ့။ လော လောဆယ်ကတော့ ဒီလမ်းကြောင်း တလျှောက် လုံခြုံရေး မချောမွေ့လို့ဖြစ်တဲ့ ပြဿနာပါပဲ။ လမ်းကြောင်း မလုံခြုံတာကို ဘယ်ကုန်သည်က ကုန်သွယ်ရဲမလဲ။ ကုန်ပစ္စည်းရဲ့အန္တရာယ် ကုန်သည် ကိုယ်တိုင်ရဲ့ အသက် အန္တရာယ် စသည်ဖြင့် မျိုးစုံပေါ့။ လုပ်ဖို့အတွက် ဘယ်လိုခေါ်မလဲ စွန့်စားရတာ ပါလာတာပေါ့”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုနှင့်တစ်ခုကြား ကုန်စည်များ ပို့ဆောင်ရာမှာ ကုန်သွယ်ရေးလမ်းများကို မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ပေါင်းစုံက ဂိတ်များဖွင့်လှစ်၍ စစ်ဆေးမှုများ တင်းကြပ်ခြင်း၊ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေခြင်း၊ တားဆီးပိတ်ဆို့မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ကုန်စည် စီးဆင်းမှုများ လျော့နည်းလာသလို ကုန်သွယ်မှု အခက်အခဲများ ရင်ဆိုင်နေကြရသည်။

ထို့ပြင် ပြည်ပမှ ပို့ကုန်သွင်းကုန်များမှာလည်း အစိုးရဘက်ကမှ မူဝါဒများ တင်းကြပ်ထားခြင်းနှင့် ကုန်သွယ်ရေး လမ်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ လမ်းကြောင်းများ ပိတ်ဆို့နေခြင်း၊ အခွန်ကောက်များ အဆမတန် များပြားနေခြင်း၊ စစ်ဆေးရေးများ တင်းကြပ်နေခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု အားနည်းလျက်ရှိနေသည်။