CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ အရေးယူထားမှု Sanction ကို နိုင်ငံတည်ငြိမ်အောင်လုပ်၍ လွတ်မြောက်အောင် လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက အကြံပြုကြသည်။

ပိတ်ဆို့တားဆီးမှု(Sanction)သည် နိုင်ငံတကာဆက်ဆံရေး(IR) နှင့်သက်ဆိုင်ကြောင်း၊ နိုင်ငံရေးစနစ်ကို ကမ္ဘာမှ ယုံကြည်လာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးသည် နိုင်ငံရေးစနစ်ပေါ်တွင်သာ မူတည်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကျနော်တို့က နည်းနည်းလေး စဥ်းစားစေချင်တာ ဘာလဲဆိုတော့ ဘယ်လိုပြောမလဲ ဒီလိုအခြေအနေက ကျနော်တို့က အမြဲတမ်းဖြစ်နေတာ‌လေ၊ ဒါကကြာခဲ့ပြီလေ။ အဲ့တော့ ဒီဟာက သေသေချာချာ စဥ်းစားသင့်တာပေါ့၊ စဥ်းစားသင့်တော့ အကြမ်းဖျင်း တွက်လို့ရှိရင် နိုင်ငံရေးစနစ်ပေါ့။ နိုင်ငံရေးစနစ်ပေါ်မှာ ကမ္ဘာက ယုံလာအောင် လုပ်ဖို့လိုတာပေါ့။ ဥပမာ ၂၀၀၈ ဆို နိုင်ငံရေးသိပ္ပံသ‌ဘောအရ ပြောရလို့ရှိရင် ၂၀၀၈ သည် သူ့မှာ ဘယ်လိုခေါ်မလဲ နိုင်ငံရေးအရ Philosophy ပါတယ်။ မူအားဖြင့် ကျနော်တို့ လက်ခံတယ်။ ဆိုတော့ ၂၀၀၈ ကို စတည်ပြီး run ပြီဆိုတဲ့အချိန်မှာ International ဆက်ဆံရေးက ကောင်းလာတာပဲလေ၊ ဒါရိုးရိုးလေးပဲ။ အများကြီး စဥ်းစားစရာ မလိုဘူး။ အဲ့တော့ အဲ့လို အခြေအနေ ရောက်အောင် ဘယ်လိုပြန်သွားမလဲ၊ ဒါကိုစဥ်းစားရမှာပေါ့။ Sanction ဆိုတာက တစ်ခုရှိတာက (Political System) နိုင်ငံရေးစနစ်နဲ့ဆိုင်တယ်၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ဆိုင်တယ်၊ နံပါတ် ၃ အချက် သူက ဘာနဲ့ဆိုင်လဲဆိုတော့ Sanction ဆိုတဲ့ သဘောတရားသည် IR နဲ့ဆိုင်တယ်”ဟု ပြော သည်။ 

 ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားများကို‌ တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံ တော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်အား ဖြုတ်ချရေး လက်နက်ကိုင် အင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်း၍ ကြိုးပမ်းလျက်ရှိသည်။

ထိုသို့ နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံအား အမေရိကန်၊ ဥရောပနှင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သလို လူတစ်ဦးချင်းကိုလည်း စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ချမှတ် ခဲ့သည်။

ထိုကဲ့သို့ ပိတ်ဆို့တားဆီးခြင်းသည် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း၊ ပိတ်ဆို့တားဆီးမှုများ ရုတ်သိမ်းခဲ့လျှင် အခြေခံ လူတန်းစားများအတွက် များစွာ အလုပ်အကိုင် အခွင့်အလမ်း ရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ပြန်လည် တိုးတက်လာနိုင်သည့် အခြေအနေ တစ်ရပ် ပေါ်လာ နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံမှ CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်ဈေးကိုတွေ့ရစဉ်

၎င်းက “အဓိက,ကတော့ အခြေခံ လူတန်းစားတွေကို အလုပ်တွေ အများကြီး ပေးနိုင်မယ် Sanction တွေထိတော့ ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ မဝင်လာရဲဘူး၊ ဝင်မလာရဲတဲ့ အခါကျတော့ အလုပ်သမားတွေ ကျနော်တို့ အလုပ်မရဘူး၊ အလုပ်မရတော့ အလုပ်မရှိဘူး၊ အလုပ်မရှိတော့ နိုင်ငံခြားထွက် လုပ်ကြတယ်။ ဆိုတော့ ဒီလိုတွေ ဖြစ်ကုန်တာ Sanction တွေ ပြုတ်သွားရင် အရင်ဆုံးရမယ့် အခွင့်ရေးကတော့ လုပ်ငန်းရှင်တွေ၊ တိုင်းပြည် အကြီး အကဲတွေထက် ကျနော်တို့ အခြေခံ လူတန်းစားတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပေါလာမယ်။ အလုပ် တွေ ပိုများလာမယ်၊ တိုင်းပြည်မှာ investment တွေ များလာတော့ GDP တွေ တိုးလာမယ်။ ပြီးတော့ မြန်မာနိုင်ငံ ရဲ့ ငွေကြေးက Currency တောင့်လာတဲ့ အခါကျတော့ ဒေါ်လာစျေး အပါအဝင် အစရှိတဲ့ စျေးတွေကျမယ် ကုန် စျေးနှုန်းတွေ သူ့ဟာသူ ဆက်မတက်တော့ပဲနဲ့ ရပ်သွားမယ်။ အစိုးရကလည်း ပြောရင် လုပ်ခလစာတွေ တိုးပြီး ပေးနိုင်မယ်၊ အဲ့တော့ နှစ်ဖက်ဖြစ်သွားမယ်။ ဆက်မတက်တော့ပဲနဲ့ လုပ်ခလစာ တိုးလာတာနဲ့အမျှ ပြည်သူတွေရဲ့ စားဝတ်နေရေးက ချောင်လည်သွားမယ်၊ ဒါ Sanction ရုတ်လိုက်လို့ရှိရင် ဖြစ်လာနိုင်တဲ့ အခြေအနေ အဲဒီဟာတွေ ပြီးသွားတော့မှ ခုနက‌ ရှေ့ကပြောခဲ့တဲ့ ကုန်ထုတ်စွမ်းအားတွေ တိုးလာမယ် Sanction ရုတ်လိုက်တော့ စျေးကွက် တွေ ပိုရှာနိုင်မယ်။ Marketing sharing တွေ ပိုလုပ်နိုင်မယ်။ Market sharing လုပ်နိုင်တဲ့ အခါကျတော့ ချိတ် ဆက်မှုတွေ အားပိုကောင်းနိုင်တယ်၊ တစ်နှစ်ထက် တစ်နှစ်ပေါ့။ တိုင်းပြည်က တိုးတက်လာနိုင်တယ်” ဟု ပြော သည်။ 

လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းမှာ လက်နက်ကိုင် အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအ ထန်ဖြစ်ပွားနေကြပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ ၃ သန်းကျော်ရှိနေသည်။

ထို့နောက် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေး အားနည်းလာကာ လမ်းပန်ဆက်သွယ်ရေးများ ခက်ခဲ၍ ပြည်တွင်း၌ ကုန်သွယ် စီးဆင်းမှု လျော့နည်းလာသလို အိမ်နီးချင်းနိုင်ငံများဖြင့် ကုန်သွယ်စီးဆင်းမှုများလည်း ရပ်တန့်လျက်ရှိ နေသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီနောက်ဆုံးပတ် မှာ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်းကောင်း ကျင်းပရန် စီစဉ်၍ နိုင်ငံတည်ငြိမ်အောင် ကြိုးပမ်းလျက်ရှိသည်။