CNI New

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ‌ဘိန်းဖြူအလေးချိန် ၁၂၀ ဒသမ ၁၂ ကီလို (ငွေကျပ် ၃ ဒသမ ၀၀၃ ဘီလီယံ) တန်ဖိုးရှိသော စိတ်ကြွမူးယစ်ဆေးများကို မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတပ်ဖွဲ့မှ ဖမ်းဆီးရ မိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၅ ရက်နေ့ ည ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အမှတ်(၃) ခရိုင်ချင်းဆက်လမ်း၌ ဆိုင်ကယ်တစ်စီး၊ မော်တော်ယာဥ် နှစ်စီးတို့နှင့်အတူ စီးနင်းလာသော ဉာဏ်လင်း၊ လှခိုင်၊ စံဝင်းလင်းနှင့် ထက်အောင်ဇော်တို့အား စစ်ဆေးရှာဖွေရာ  TOYOTA LITEACE၊ IZONE မော်တော်ယာဥ် နှစ်စီးပေါ် မှ ဘိန်းဖြူအလေးချိန် ၁၂၀ ဒသမ ၁၂ ကီလိုရှိသော စိတ်ကြွမူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မူးယစ်တပ်ဖွဲ့၏ ကွင်းဆက် ဖော်ထုတ်ချက်များအရ ပြင်ဦးလွင်မြို့နယ်၌ ထိုနေ့ည ၁၁ နာရီခွဲ အချိန် ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သော ဘုန်းမြင့်မြတ်အား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အား စစ်ဆေး ဖော်ထုတ်ချက်များအရ မြစ်သားမြို့နယ်၊ အမှတ်(၃) ခရိုင်ချင်းဆက်လမ်း၌ သြဂုတ် ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ဘိန်းဖြူများကို တာဝန်ခံ သယ်ဆောင်လာ‌ခဲ့သော စိုးဝေလွင်နှင့် တင်မျိုးအောင် တို့အား NISSAN AD VAN ယာဥ်တို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းရန် ကျန်ရှိသေးကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၌ ယင်းနေ့ ၁၁ နာရီခွဲတွင် ဘိန်းဖြူများအား မူဆယ်မှ ရွာငံသို့ သယ်ဆောင်ရာမှာ အသုံးပြုခဲ့သည့် စိုးဝေလွင် ပိုင်ဆိုင်သော HINO PROFIA ၁၂ ဘီး မော်တော်ယာဥ်အား သိမ်းဆည်းရမိခဲ့သည်။ 

ထို့နောက် ဖမ်းဆီးရမိသော ဘိန်းဖြူ စိတ်ကြွ မူးယစ်ဆေးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတဆင့် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်သို့ မော်တော်ယာဥ်များ ပြောင်းလဲ၍ သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။

ပြစ်မှုကျူးလွန်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပ‌ဒေအရ အရေးယူ ထားရှိကြောင်းနှင့် ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရ သည်။