CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၆

နိုင်ငံမတည်ငြိမ်သည်နှင့်အမျှ စီးပွားရေးကျဆင်းမှုကို ကြုံတွေ့ရတတ်ပြီး ၎င်းအခြေအနေအပေါ် ကုစားနိုင်မည့် နည်းလမ်းများအား အုပ်ချုပ်သူအစိုးရတွင် ရှိရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာ သုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အခွန်ရရှိနေသည့် နယ်စပ်ကုန်သွယ်ရေးများမှာလည်း ရပ်တန့်နေကြောင်း၊ အခွန်မရှိဘဲ နိုင်ငံတစ်ခု လည်ပတ်၍မရကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်လာစေရန် နစကအနေဖြင့် ကြိုးပမ်းသင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်သွယ်မှုတွေ ရပ်တန့်နေတဲ့ အတွက်ကြောင့် ရနိုင်တဲ့ အခွန်ငွေတွေ အများအပြား ဆုံးရှုံးနေတယ်။ ဒီဟာကို ဘာနဲ့ကုစားနေလဲဆိုတဲ့ အစိုးရကိုမေးရမယ့် မေးခွန်းတွေရှိတယ်။ နိုင်ငံ တစ်ခုချင်းမှာ အခွန်ကအဓိကပဲ အခွန်မရဘူးဆိုရင်တော့ အစိုးရအနေနဲ့ တကယ့်ကို ကျဉ်းထဲကြပ်ထဲကို ရောက်မယ်။ အခွန်မရတော့တဲ့ အစိုးရ တစ်ခုက ရပ်တည်ဖို့ ခက်ခဲမယ်။ အခွန်မရဘူးဆို ဘာနဲ့ နိုင်ငံလည်ပတ် နိုင်အောင် သူလုပ်မလဲပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ သူဘယ်လောက် ခေါ်နိုင်မလဲ။ နိုင်ငံခြားချေးငွေ ဘယ်လောက်အထိ ရမလဲ။ နိုင်ငံမတည်ငြိမ် တာနဲ့ အမျှ စီးပွားရေးကျဆင်းမှုကတော့ ကြုံတွေ့ရမှာပဲ။ အဲဒီမှာ ကုစားဖို့နည်းလမ်းတွေ အစိုးရမှာရှိဖို့လိုတယ်။ အဓိကအားဖြင့် နိုင်ငံတကာ အထောက်အပံ့တွေ ဒီအချိန်မှာ အများကြီး လိုအပ်နေပါတယ်” ဟု ပြောသည်။

 စားသောက်ကုန်ဆိုင် တစ်ခုကိုတွေ့ရစဉ်

နိုင်ငံတကာမှ အထောက်အပံ့များရရှိရန် ဆောင်ရွက်ရာတွင် ရုရှားနှင့် မဟာမိတ်နိုင်ငံအဖြစ် ရှိနေသော်လည်း ပထဝီ အနေအထားအရ အလွန်ဝေးကွာကြောင်း၊ ရေရှည်၌ ရုရှားထံမှ နည်းပညာအကူအညီများ ရနိုင်သော်လည်း ရေတိုအရ ဖြေရှင်းရမည့် ပြဿနာများ မြန်မာနိုင်ငံတွင် ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

ထိုပြဿနာများအပေါ် နီးစပ်သော အင်အားကြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယတို့နှင့် ပိုမို ဆက်သွယ်ကာ အကူအညီများရရှိရန် ဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ဈေးကွက် အား အစိုးရမှ ထိန်းချုပ်ထားမှုအစား ဖွင့်ပေးလိုက်မည်ဆိုပါက အခြေခံ လူတန်းစားများအတွက် ပို၍ ခက်ခဲသွား နိုင်ကြောင်း၊ ထိန်းချုပ်ရာတွင်လည်း အကန့်အသတ်ဖြင့် ထိန်းချုပ်ရန် လိုအကြောင်း ၎င်းက ပြောသည်။

သတင်းစာရောင်းချသူ ၂ ဦးကို တွေ့ရစဉ်

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက “ဈေးကွက် ဖွင့်ပေးလိုက်တယ်ဆိုရင် အခြေခံ လူတန်းစားတွေအတွက် ပိုပြီး ခက်ခဲသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်ဖွင့်ပေးလိုက်တာနဲ့ အမျှ ငွေကြေးတတ်နိုင်တဲ့သူတွေက ငွေကြေးတတ်နိုင်တဲ့ အရာတွေကို သူတို့လုပ်လာမယ်၊ ဥပမာ ဆီဝယ်မယ်၊ ရွှေဝယ်မယ်၊ အစရှိတဲ့ ဥစ္စာ။ ဒါပေမယ့် အခြေခံ လူတန်းစားတွေအတွက် လုံလောက်တဲ့ ဝင်ငွေပမာဏ မရှိဘူး ဆိုရင် ဈေးကွက်က ဖွင့်ချလိုက်ရင် ပိုပြီးတော့ ကျပ်တည်းမှုတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက ဈေးကွက်ကို ဆက်ပြီးတော့ ချုပ်ကိုင်တယ်ဆိုရင်လည်း အစိုးရက ဘယ်အပိုင်းတွေလောက်အထိ ချုပ်ကိုင်မလဲပေါ့ အကန့် အသတ်နဲ့ ချုပ်ကိုင်ဖို့တော့ လိုတယ်။ ဒီလိုကြီး တစ်သတ်မတ်တည်းတော့ သွားလို့မရဘူး။ နိုင်ငံရေး နည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ စီးပွားရေး အပိုင်းမှာ ခိုင်ခိုင်မာမာနဲ့ ပြန်လည်တည်ဆောက်ဖို့ လိုတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျပ်ငွေတန်ဖိုး ကျဆင်းနေမှုအပေါ် နိုင်ငံရေးတည်ငြိမ်မှ ဖြေရှင်းနိုင်မည်ဆိုသည်မှာ ယေဘူယျအား ဖြင့် မှန်ကန်သော်လည်း နိုင်ငံခြားချေးငွေ လုံလောက်စွာ ရရှိမည်ဆိုပါက ထိုပြဿနာမှာ ရပ်တန့်သွားနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက သုံးသပ်ကြသည်။