CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂

နစကသည် လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ သက်တမ်း ၆ လတိုးထားသည်မှာ ပြည့်ပြီးဖြစ် ၍ အခင်းအကျင်းအသစ်ကို မဖန်တီးနိုင်ပါက မြန်မာ့စီးပွားရေး ပိုမိုထိခိုက်လာနိုင်သည်ဟု စီးပွားရေးနှင့်နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။ 

နစကအနေဖြင့် အရေးပေါ်ကာလ သက်တမ်းကို ၆ လထပ်မံ၍ တိုးမည်ဆိုပါက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး မငြိမ်သက်မှုသည် ပို၍ ဆိုးရွားနိုင်သလို စီးပွားရေးလည်း ပိုကျဆင်းလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

သို့သော်လည်း နောက်ထပ် ၆ လအတွင်း ကြားဖြတ်အစိုးရတစ်ရပ်ကို ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါက စီးပွားရေးသည် အပြည့်အဝ ပြန်မကောင်းနိုင်သော်လည်း အနည်းငယ် ပြန်လည်ကောင်းလာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ကုန်ထုတ်လုပ်ငန်းကိုတွေ့ရစဉ်

၎င်းက “ကာ/လုံကို ဘယ်လိုပြန်ခေါ်နိုင်မလဲပေါ့နော်၊ ကြားထဲမှာလည်း အပြောင်းအလဲ တစ်ခုတစ်ရပ်ကတော့ ဆရာတို့လည်း မြင်ချင်တာပေါ့နော်။ ဒီအတိုင်း သက်တမ်းတိုးတာတော့ မငြိမ်မသက်နဲ့ သက်တမ်းတိုးရင်တော့ ဒီလိုပဲ ဆက်ပြီး မငြိမ်မသက်က ဒီထက် ပိုပြီး ဆိုးရွားတဲ့ အခြေအနေတွေပဲ လာမယ်လို့ပဲ ခန့်မှန်းရတယ်ပေါ့နော်။ ကြားထဲမှာ အပြောင်းအလဲဖြစ်နိုင်တဲ့ အစိုးရတစ်ရပ်ကိုတော့ ပြောင်းလဲစေချင်တာတော့ ဆရာတို့ရဲ့ စေတနာ အမှန်ပါပေါ့နော်။ ကြားဖြတ်အစိုးရတစ်ခု အနေနဲ့တော့ စီးပွားရေး ကောင်းအောင်လို့တော့ မလုပ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စတွေ အောင်အောင်မြင်မြင် ဖြစ်လာမယ်ဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ပွင့် လာနိုင်ရင်တော့ စီးပွားရေး နည်းနည်းတော့ ပြန်ကောင်းလာနိုင်တဲ့ အနေအထားတော့ ရှိတာတော့ ဆရာတို့ သုံးသပ်တယ်ပေါ့နော်။ အနည်းဆုံးတော့ စီးပွားရေးကို ပြန်ပြီး rebuild လုပ်ဖို့က အနည်းဆုံး ၂ နှစ်လောက် ကြာ တယ်။ ကမ်းလှမ်းဖိတ်ခေါ်ဖို့၊ ဒါကြောင့်မို့ ရွေးကောက်ခံ အစိုးရတက်လာပြီးကာမှ ၂ နှစ်ကျော်လောက်မှပဲ ဒီ concept ကို လုပ်လို့ရမယ့်သဘောလို့ ဆရာတို့မြင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးပြဿနာကြောင့် စီးပွားရေးအပေါ်  သက်ရောက်မှု ဖြစ်နေ၍ နိုင်ငံရေး ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှသာ အဆင်ပြေမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြ သည်။

နိုင်ငံရေးပြဿနာ ပြေလည်ပါက နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမည့် သူများအနေဖြင့် ယုံကြည်မှုများ ရှိလာပြီး စီပွားရေး ပတ်ဝန်းကျင်များ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

ထို့အပြင် စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့သည့် ကဏ္ဍတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သော နည်းလမ်းအစား စီးပွားရေးစနစ်ကြီးတစ်ခုလုံး ကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

အထည်ချုပ် လုပ်ငန်းကိုတွေ့ရစဉ်

၎င်းက “ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သေချာပေါက် ပြောလို့ရတဲ့ကိစ္စ တစ်ခုမှမရှိဘူး။ လောလော ဆယ် ရှိတဲ့အနေအထားက ဒီပြဿနာ ပြေလည်မှ ရမှာပေါ့။ နိုင်ငံရေးပြဿနာ ပြေလည်ရင် IR (International Relations) ပြေလည်မယ်။ စီးပွားရေး ပတ်ဝန်းကျင် ပြန်ကောင်းလာမယ်။ စီးပွားရေး ပတ်ဝန်းကျင် ကောင်းလို့ ရှိရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုတွေရမယ်၊ လူတွေ အလုပ်ပြန်လုပ်လို့ရမယ်။ အဓိက ဘာလဲဆိုတော့ SME ဆို SME တစ်ကွက်၊ ဟိုတယ်ခရီးဆို ဟိုတယ်ခရီးတစ်ကွက် အဲဒီလို ကွက်ကွက်လေး စဉ်းစားပြီးတော့ အဲဒီလို လုပ်ခဲ့တာလည်း အန်ကယ်တို့ ငယ်ငယ်ကတည်းက ခေတ်ကနေ ပြီးခဲ့တဲ့ခေတ်၊ အခုအထိပေါ့၊ အဲဒီလို စဉ်းစားနေ လို့ ပြဿနာသည် ပြဿာနာရဲ့ အခြေခံအကြောင်းတရားကို မရောက်ဘူး။ အခြေခံ အကြောင်းတရားဆိုတာ စီးပွားရေးစနစ်ကြီး ကောင်းအောင်လုပ်ရမယ်။ စီးပွားရေးစနစ်ကောင်းဖို့ နံပါတ် ၁ တစ်ချက်က နိုင်ငံရေးစနစ် ကောင်းတာမကောင်းတာ ခဏထား၊ နိုင်ငံရေးတည်ငြိမ်အောင် လုပ်ရမယ်၊ ဒါပါပဲ” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များသည် တက္ကသိုလ်များနှင့် တခြားသော နေရာများတွင် စာသင်ကြားနေရသော နေရာတွင်သာရှိနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် လုပ်ဆောင်ပေးနိုင်သည့် အနေအထားမှာ နည်းပါးလျက်ရှိနေသည်ဟု ထောက်ပြကြသည်။

ထို့ကြောင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို တက္ကသိုလ်များတွင်သာမက ဌာနဆိုင်ရာများနှင့် တခြား သော နေရာများတွင် တာဝန်များ ပေးအပ်ပြီး အမှန်တကယ် တတ်သိနားလည်သည့် စီးပွားရေသိပ္ပံ၊ နိုင်ငံရေးသိပ္ပံ ပညာရှင်များ ခေတ်ရေစီးကြောင်းများ၌ ပါဝင်လာရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။