CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂

ထိုင်းသို့ မြန်မာ MOU လုပ်သားများစေလွှတ်ရာတွင် ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် စေလွှတ်ရန် အလုပ်သမားဝန်ကြီးဌာနမှ သဘောတူညီခဲ့ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင် များအဖွဲ့ချုပ် MOEAF မှ CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်-မြဝတီ-မဲဆောက်လမ်းကြောင်းသည် လမ်းခရီးအခြေအနေရ အဆင်မပြေသေးသဖြင့် ကော့သောင်း-ရနောင်းလမ်းကြောင်းမှ အဓိက စေလွှတ်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် လေယာဉ်ခနှုန်းထားမှာ အဆမတန် မြင့်တက်နေသည့်အတွက် ယခုလမ်းကြောင်းသည် ကုန်ကျစရိတ် ပို၍သက်သာကြောင်း MOEAF မှ အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူက CNI သတင်းဌာနသို့ ပြောသည်။

“ကွာခြားချက်အရမ်းကွာသွားတယ်ပေါ့။ ရန်ကုန်-ကော့သောင်းရဲ့ လက်မှတ်က အရင်က ၁ သိန်းခွဲလောက်ပဲ ရှိရာကနေ အခုက ၄ သိန်းခွဲလောက်ရှိနေတာပေါ့ မြေပြင်ပေါက်ဈေးက အရမ်းဈေးကြီးတယ်။ ကော့သောင်း-ရနောင်းကနေ ဘန်ကောက်ကို လာဖို့ဆိုရင် တစ်ပတ်ကြီး ပြန်သွားရတယ်။ ကော့သောင်း-ရနောင်းကို များသော အားဖြင့် သုံးတာက ထိုင်းနိုင်ငံတောင်ပိုင်းဆို ကော့သောင်း-ရနောင်းက နီးတယ်။ အဲဒီဘက်စက်ရုံတွေ၊ လုပ်ငန်း တွေနဲ့ကြ နီးတယ်ပေါ့။ ဘန်ကောက်ဘက်ကိုဆိုရင်တော့ နည်းနည်း ပြန်ဝေးသွား ပြန်တယ်ပေါ့။ အဲဒါနဲ့စာရင် အခု ရန်ကုန်-ဘန်ကောက်ဆိုရင် ဘန်ကောက်သွားမယ့် ကလေးတွေအတွက် ပိုမြန်တာပေါ့။ တန်းပြီးတော့ ရောက်သွား မယ်၊ တစ်ရက်တည်းနဲ့ တစ်နာရီအတွင်း ရောက်သွားမယ်ပေါ့။  နောက် လေယာဉ်ဈေးကလည်း သူ့ထက် နည်းနည်း လျော့တောင် လျော့သွားတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် MOU လုပ်သားများ စေလွှတ်လိုပါက ယခုကတည်းက တင်ပြထားနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော်လက်ရှိအချိန်အထိ တင်ပြလာသည့် အေဂျင်စီများ မရှိသေးကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။

 MOU ဖြင်သွားရောက်မည့် လုပ်သားများ

MOU လုပ်သားများအား ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးဖြင့် စေလွှတ်ခွင့်ပြုရန် အေဂျင်စီများဘက်မှ တောင်းဆိုခဲ့ကြသည်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်း၌ ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ ညွှန်ကြားရေးမှူးအဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ တာဝန်ရှိသူများက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-ဒွန်မောင်းလေကြောင်းခရီးအား ပြေးဆွဲသည့် လေကြောင်းလိုင်း အများအပြားရှိသည့်အတွက် လေယာဉ် ခနှုန်းထားများ အဆမတန် ဈေးတက်သွားနိုင်ခြေမရှိကြောင်း လပ်ကီး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

“ဘာလို့ဆို Airline က ၃၊ ၄ ခုလောက် ရှိတယ်လေ။ ရှိတော့ ဈေးတော့ အဲဒီလောက်အထိ တက်မှာမဟုတ်ဘူး။ လူများရင်သာ အချိန်ခွဲလွှတ်ဖို့ ဖြစ်လာမှာပေါ့။ ကိုယ့်ဘာသာကိုယ်ငှားတဲ့ sector flight ဆိုရင် လေကြောင်းလိုင်း တွေဘာတွေ အလုပ်သမားဝန်ကြီးဌာနကနေ တဆင့်တင်ပေးမယ်လို့ ပြောသွားတယ်။ ရိုးရိုးလိုင်းမှာဆိုလည်း ကိုယ်က လေယာဉ်ပျံလက်မှတ်ဖိုးအစောကြီး ဘိုကင်လုပ်ပြီး အဲဒီနေ့အတွက် သူ့လူ ၅၀ ဆို ၅၀ စာ ယူလည်း ရတာပဲ။ ၁၀၀ စာ ယူမယ်ဆိုလည်း ၁၀၀ စာ ဖြတ်ယူလို့ရတာပဲ ဆန့်သလောက်ပေါ့။ မဆန့်လည်း ၂ ကြိမ်ခွဲပို့ပေါ့” ဟု ၎င်းကပြောသည်။

မြဝတီ-မဲဆောက် လမ်းကြောင်းဖြင့် MOU လုပ်သားများ စေလွှတ်ရန် တင်ပြခြင်းများအား ဒီဇင်ဘာ ၁၉ ရက်နေ့ မှ စတင်ကာ ယာယီရပ်ဆိုင်းထားခြင်းဖြစ်ပြီး လက်ရှိတွင် အာရှလမ်းသစ် အသုံးပြု၍ မရသေးသဖြင့် ထို့ကော်ကိုး - ကျော်ခို့လမ်းမှ ကားလမ်းကြောင်း၊ ကော့သောင်း-ရနောင်းလမ်းမှ လေကြောင်းဖြင့် MOU လုပ်သားများကို စေလွှတ်နေကြခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မ‌တော်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။