CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည် နစကသည် လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ၆ လ သက်တမ်း တိုးကာလ ကုန်ဆုံးပြီးနောက် မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်မလဲဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။

နစကအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ၆ လသက်တမ်း ဒုတိယအကြိမ် တိုးခဲ့ရာ မကြာမီတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

လက်ရှိ အနေအထားအရ တည်ငြိမ်သောအချိန် မဟုတ်သေးကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခင်း အကျင်းလည်း မရှိကြောင်း၊ ထို့ကြောင့် နစကမှာ သက်တမ်း ထပ်တိုးလိမ့်မည်ဟု ယူဆကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၆ လသက်တမ်းက ဇန်နဝါရီလကုန်ဆိုရင် ပြည့်မှာ၊ လောလောဆယ်တော့ ကျနော်တို့ သုံးသပ်တာတော့ နိုင်ငံရေး အခြေအနေကလည်း ဒီလောက်တည်ငြိမ်တဲ့ အခြေအနေ မဟုတ်သေးဘူး။ တည်ငြိမ်တဲ့အချိန် မဟုတ် တဲ့အတွက် နောက် ၆ လလည်း သက်တမ်း ဆက်တိုးဖို့ ဆက်တိုးလိမ့်မယ်လို့ ကျနော်တို့က အဲဒီလိုပဲ သုံးသပ်မိတာ ပါ။ ဆက်တိုးလိမ့်မယ်လို့ ဘာလို့ဆို ဒီအခြေအနေမှာတော့ ရွေးကောက်ပွဲ ပြန်လုပ်နိုင်တဲ့ အခင်းအကျင်း၊ နိုင်ငံရေး အခင်းအကျင်းက မရှိနိုင်သေးဘူး။ အဲဒီတော့ ဒါလောက် သူတို့ ကာ/လုံ အစည်းအဝေးမှာလည်း ဒီလိုပဲ တင်ပြပြီး တော့ ကာ/လုံ အစည်းအဝေးမှာလည်း တည်ငြိမ်မှု မရှိတဲ့အတွက် ရွေးကောက်ပွဲ လုပ်ဖို့ရန် အခြေအနေ မပေးဘူး ဆိုတဲ့ အဖြေပဲ ထွက်လာမှာ အဲဒါတော့ နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ကတော့ ကျနော်တို့ အမြင်ကတော့ နောက်ထပ် ၆ လ တိုးလိမ့်မယ်လို့ အဲဒီလိုပဲ ယူဆပါတယ်” ဟု ပြောသည်။

ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်ကို အရေးပေါ်ကြေညာကာ မြန်မာ့တပ်မတော်က အာဏာရ ယူခဲ့သည်မှာ လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၃ နှစ်ပြည့်မည် ဖြစ်သည်။

ထို့နောက် ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း အသွင်ကူးပြောင်းရေးအစိုးရ သို့မဟုတ် ညွန့်ပေါင်းအစိုးရ ပေါ်လာနိုင် သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုမှုများလည်း ရှိနေသည်။

နစက ၆ လ သက်တမ်းအလွန် လူအပြောင်းအလဲလုပ်ဆောင်ကာ ဖွဲ့စည်းလာနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ကတော့ အာဏာကိုတော့ လက်လွတ်မှာ မဟုတ်ဘူး။ အာဏာကြောင့်လည်း အာဏာကို ဆုပ်ကိုင် ချင်လို့ သူတို့ကတော့ အပြတ်သိမ်းတာပဲ။ ဒါပေမဲ့ တစ်ခုရှိတာက သူတို့မှာလည်း တော်တော်လေးတော့ လူလည်း ကုန်နေပြီ။ အကျပ်အတည်းလည်း ရိုက်နေတဲ့ အချိန်မှာ လူပြောင်းကစားမလား ဆိုတဲ့ဟာမျိုး ဒါမျိုးတွေကလည်း ကျနော်တို့က မျှော်လင့်ရတာပေါ့ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ဆိုတာလည်း တစ်ဦးတစ်ယောက်ထဲမှ မဟုတ်တာ၊ သူ့မှာလည်း သူ့ရဲ့ အဝန်းအဝိုင်းတွေရှိတာပဲ။ အဲဒါကိုလည်း တစ်ဖက်ကလည်း မျှော်လင့်ကြည့်တာ ပေါ့လေ၊ ဒါပေမဲ့ သေချာတာကတော့ သူတို့ ဘယ်လိုပဲ ပြောင်းပြောင်း ကျနော်တို့ ဒီဘက်အနေနဲ့ကတော့ အာဏာ ရှင်နဲ့ ဒီအာဏာရှင် အစုအဖွဲ့ကို တိုက်ထုတ်လိုက်ရမှာပေါ့။ ဒီအာဏာရှင် သို့မဟုတ် ဒီစစ်သားမှာ ဒီလိုပါဝါတွေ ရှိနေသရွေ့ကို ကျနော်တို့ နိုင်ငံပြည်ထောင်စုကတော့ ပြဿနာတွေ ရှိနေမှာပဲလို့ မြင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနများ ဖွဲ့စည်း တာ၀န်ပေးခြင်း ထုတ်ပြန်ချက်

လတ်တလော အနေအထားတွင် နစကအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများ ကြုံတွေ့နေရပြီး လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် မည်ကဲ့သို့သော အပြောင်းအလဲ လုပ်ဆောင်လာမလဲဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား စောင့်ကြည့်လေ့လာလျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။
လက်ရှိတွင် နစကသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဌာန ၁၊၂၊ ၄ ကို အသစ်ဖွဲ့စည်းခဲ့သလို အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အစား ဗိုလ်ချုပ်ကြီးမိုးအောင်ကို အစားထိုး ခန့်အပ် တာဝန်ပေးထားသည်ကို တွေ့ရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင် နေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား အစားထိုး ခန့်အပ်တာဝန်ပေးလိုက်သည်။