CNI News 

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉

မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှ လမ်းစရရှိနိုင် မည်ဟု အဝေးရောက်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယနေ့ (ဇွန်လ ၁၉ ရက်)သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ဖြစ်ရာ မွေးနေ့ဆုတောင်း ထုတ်ပြန်ရင် အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယနေ့ထက်တိုင် ပြည်သူလူထုတစ်ရပ်လုံး၏ ချစ်ခင်မြတ်နိုးမှု၊ ယုံကြည်အားကိုးမှု တို့ဖြင့် လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလို အနိုင်ရပါတီ ခေါင်းဆောင်လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အရေးပြဿနာများကို ဖြေရှင်းရာတွင် ခြွင်းချန်ထား၍မရသော အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ဟု NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီ တောင်းဆိုနေကြစဉ်

၎င်းတို့က “သို့ဖြစ်ပါ၍ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး ပြဿာနများကို ဖြေရှင်း ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေး လမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ပါသောကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများနှင့်အတူ ပြည်တွင်းပြည်ပ မိတ်ဖက်အင်အားစုများ အားလုံးနှင့်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမည်”ဟု ထုတ်ပြန် ချက်တွင် ပြောထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရအား မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

ထို့နောက် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်တို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့တပ်မတော် ဆွေးနွေးဖြေရှင်းပါ ကလည်း အလုံးစုံ ဖြေလည်နိုင်ခြေနည်းပါးကြောင်း၊ တိုင်းရင်းသား အင်အားစုများနှင့် ပြည်သူလူထုကို ကိုယ်စား ပြုသော အင်အားစုများ ပါဝင်သည့် ဆွေးနွေးရေး အခင်းအကျင်းကို ဖန်တီးမှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထဲ ပြန်လည် ခေါ်သွင်းရန် အစီအစဉ် မရှိ တော့သည့် အခြေအနေဖြစ်နေကြောင်း မြန်မာ့နိုင်ငံတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။