CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၁၈ 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ဆက်ရှိနေဆဲဖြစ်ကြောင်းနှင့် ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ရန် လျှောက်ထား နိုင်ကြောင်း တရားရေးအာဏာပိုင်များက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။ 

သက်ဆင်သည် အမှန်တကယ် နာမကျန်းဖြစ်နေခြင်း ဟုတ်/မဟုတ်နှင့် ဆေးရုံ၏ ဆေးကုသဆောင်တွင် တကယ် ရှိ/မရှိ အတည်ပြုရန် နိုင်ငံရေးပါတီများက ကြိုးပမ်းနေချိန်တွင် တရားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဆွမ်ဘွန် မူအန်ကလမ် (Somboon Muangklum) က တရားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတင်ပြရန် အစိုးရက ခန့်ထားသည့် အရာရှိ (ombudsman)၏ ကိုယ်စားလှယ်တစ်ဦးသည် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံသို့ လာရောက်ခဲ့ပြီး ဆေးရုံဝင်းအတွင်းရှိ မဟာ ဘူမီဘော ရာချာနူဆွန်း ၈၈ ပန်ဆာ အဆောက်အအုံ (Maha Bhumibol Rachanusorn 88 Phansa Building) ၏ ၁၄ လွှာ တွင် သက်ဆင်နှင့် တွေ့ဆုံခဲ့ကြောင်း ဆွမ်ဘွန်က ပြောကြားခဲ့သည်။

သက်ဆင်နဲ့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲကိုတွေ့ရစဉ်

သက်ဆင်သည် ဆေးရုံတွင် ဆက်ရှိနေပြီး အခြားသူများ ထင်နေသကဲ့သို့ လူနေတိုက်ခန်းထဲတွင် နေထိုင်နေခြင်း မဟုတ်ကြောင်း မစ္စတာဆွမ်ဘွန်က ပြောသည်။

အကျဉ်းသားများ အကျင့်စာရိတ္တ ပြန်လည်ထူထောင်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် စစ်သီ သုတိဗွန် (Sitthi Sutivong) လည်း ထိုသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ပြီး သက်ဆင်သည် အသက်အရွယ် ကြီးရင့်ပြီး နာမကျန်းဖြစ်နေ၍ ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ရန် လျှောက်ထားခွင့်ရှိကြောင်း သတင်းထောက် များကို ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ အကျဉ်းသားများသည် ၎င်းတို့ကိုယ်တိုင် ခံဝန်ဖြင့် လွတ်မြောက်ရန် လုပ်ဆောင်ခွင့်မရှိသဖြင့် အကျဉ်းသားများကို ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် အကျဉ်းထောင် အုပ်ချုပ်ရေးမှူး၏ ခံဝန်လျှောက်ထားပေးမှုကို လိုအပ်ကြောင်း စစ်သီက ပြောကြားခဲ့သည်။

သက်ဆင်နဲ့ သမီး ၂ ဦးကိုတွေ့ရစဉ်

သက်ဆင်ကို အကျဉ်းချခဲ့သည့် ဘန်ကောက် ရမန်အကျဉ်းထောင်၏ အုပ်ချုပ်ရေးမှူးသည် လက်ရှိအချိန်အထိ သက်ဆင်ကို ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုခြင်းမရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၂ ရက်က ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ ပြီးနောက် အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးမှုများဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ 

သို့သော် သက်ဆင်က ထိုင်းဘုရင်ထံတွင် အသနားခံစာတင်ခဲ့ပြီးနောက် ထိုင်းဘုရင်က ၎င်း၏ ထောင်ဒဏ်ကို ၁ နှစ်အထိ လျှော့ချပေးခဲ့သည်။

ထိုင်းအထက်လွှတ်တော် အမတ်တစ်ဦးကမူ သက်ဆင်သည် လာမည့်လတွင် ပြန်လည်လွတ်မြောက် လာနိုင် ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်