CNI International News

ဘန်ကောက်၊ ဩဂုတ် ၁၃

ထိုင်းနိုင်ငံတွင် အာဏာရဖြူးထိုင်းပါတီ၏ ဒုတိယခေါင်းဆောင်ဖြစ်သည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

တစ်စုံတစ်ယောက်သည် ထိုင်းနိုင်ငံကို နိုင်ငံရေး အကျပ်အတည်းအတွင်းသို့ သက်ဆင်းစေရန် တွန်းပို့နေသည်ဟု သက်ဆင်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုပြောကြားချက်၏ အဓိပ္ပာယ်ကို မည်သူကမျှ မသိကြောင်း ဖွမ်သမ်က ပြောသည်။

"ကျနော်တို့ ခွန်သက်ဆင်ကို မဝေဖန်သင့်ပါဘူး။ သူပြောတဲ့ အဓိပ္ပာယ်ကိုလည်း ဘယ်သူကမှ မသိပါဘူး" ဟု ဖွမ်သမ်က အစိုးရအိမ်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဩဂုတ် ၁၁ ရက်က သက်ဆင်သည် ပသွမ် သာနီ (Pathum Thani) ပြည်နယ်တွင် လူထုနှင့် တွေ့ဆုံခဲ့ချိန်က စင်မြင့်ထက်၌ အမှာစကားပြောကြားခဲ့သည်။

ထိုအမှာစကားအတွင်း တောအုပ်ထဲတွင် နေထိုင်သည့် တစ်စုံတစ်ယောက်သည် နိုင်ငံကို နိုင်ငံရေး အကျပ်အတည်းဖြစ်အောင် သွေးထိုးလှုံ့ဆော်ရန် ကြိုးပမ်းနေကြောင်း သက်ဆင်က ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ်ကို တွေ့ရစဉ်

သက်ဆင်သည် မည်သူ့ကို ရည်ရွယ်ပြောဆိုသည်ကိုတော့ အမည်တပ်ပြောခဲ့ခြင်း မရှိသော်လည်း အများစုကမူ ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwan)ကို ရည်ရွယ်ပြောဆိုခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆခဲ့ကြ သည်။

ညွန့်ပေါင်းအစိုးရတွင် ပါဝင်သည့် ပါလန်း ပရာချက်ပါတီ ခေါင်းဆောင်ဖြစ်သည့် ဒုတိယဝန်ကြီးချုပ်ဟောင်း ပရာဝစ်သည် Five Province Forest ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သည်။

ပရာဝစ်သည် ၎င်း၏ ထောက်ခံသူများနှင့်အတူ နိုင်ငံရေးလှုပ်ရှားမှုများအတွက် ထိုဖောင်ဒေးရှင်း၏ ရုံးခန်းကို မကြာခဏ အသုံးပြုလေ့ရှိသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကမူ ပရာဝစ်သည် လက်ရှိဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကို ရာထူးမှဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို လျှောက်တင်ထားသည့် အထက်လွှတ်တော်အမတ် ၄၀ ကို နောက်ကွယ်မှ ကြိုးကိုင်နေဖွယ်ရှိကြောင်း ယူဆထားကြသည်။

Source: Thai PBS World