CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃

ပလက်ဝဒေသ အပါအဝင် ချင်းပြည်နယ်နေရာအနှံ့တွင် ရခိုင်လက်နက်ကိုင်နှင့် ချင်းလက်နက်ကိုင်များကြား နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားနေခြင်းအပေါ် မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းကြမလဲ ပြည်တွင်းရှိ နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အာရက္ခတပ်တော် (AA)က သိမ်းပိုက်ပြီးနောက် နယ်မြေအငြင်းပွားမှုမှာ ပိုမိုငြင်းငုံလာကြသည်ကို တွေ့ရသည်။

အဆိုပါ နယ်မြေအငြင်းပွားမှု ပြဿနာမှာ ကြာပြီဖြစ်ကြောင်း၊ လက်နက်ဖြင့် ဖြေရှင်းပါက ပြေလည်မှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီကိစ္စက ကြာပြီဗျ၊ အစတုန်းက ပလက်ဝက ဟိုတုန်းက ရခိုင်ဖက်က ပိုင်တာ၊ ရခိုင်ကပိုင်တာ၊ သို့သော်လည်း နောက်ပိုင်းကြတော့ လွတ်လပ်ရေးရပြီးခါကြတော့ ခွဲလိုက်တဲ့အခါကြတော့ ရခိုင်ဖက်က နယ်က ချင်းဖက် ပါသွားတာပေါ့၊ အဲဒီသဘောရှိတယ်၊ အဲဒီမှာ နောက်တစ်ခါ စစ်အစိုးရတွေက သွေးခွဲတာတွေ ပါတာပေါ့၊ အဲဒါတွေက ရှင်းရှင်းပြောရရင် အပ်နဲ့ ထွင်းရမယ့်ဟာ ပေါက်ဆိန်နဲ့ ပေါက်နေရတာပေါ့၊ ကျနော်တို့က ပြည်ထောင် စု စည်းလုံးညီညွတ်ရေးကို စည်းလုံးညီညွတ်ရေး ရှုထောင့်က မတည်ဆောက်ဘဲနဲ့ သွေးခွဲရေး ရှုထောင့်က တည်ဆောက်ခဲ့တဲ့ အခါကြတော့ သွေးကွဲကုန်တာ မဆန်းဘူးပေါ့၊ သွေးခွဲတဲ့သူတွေ မရှိတော့ဘူးဆိုတဲ့ အချိန်ကြ ရင်တော့ ကိုယ့်အချင်းချင်းတွေ စေ့စပ်ညှိနှိုင်းပြီးတော့ ပြေလည်အောင် လုပ်ရမှာပဲ၊ ဥပမာ ကချင်ပြည်နယ်မှာ ဆိုရင် ရှမ်းနီနဲ့ ကချင်နဲ့ ဟိုဖက်က ရဝမ်တွေနဲ့ အများကြီးပဲ သွေးကွဲနေကြတာ၊ ခွဲထားတာလည်း ပါတယ်။ နောက် တစ်ခါ ကွဲအောင်ဖြစ်တဲ့ သမိုင်းနောက်ခံ အကြောင်းတွေလည်းပါတယ်။ ကျနော်လည်း ကချင်ပြည်နယ်မှာ နေခဲ့ တာပဲ၊ သေချာသိတာပေါ့၊ အဲဒီလိုပဲ အဲဒီလိုဟာမျိုးတွေတော့ သွေးခွဲမယ့် လူမရှိမယ့်အချိန်မှာ ကိုယ့်အချင်းချင်း စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးကြရမှာ လက်နက်နဲ့ ဖြေရှင်းကြရမယ်ဆိုရင် ပြည်တွင်းစစ် သံသရာ ဆုံးတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုနောက်တက်လာမယ့် ခေါင်းဆောင်တွေက တော်ကြပါတယ်။ လူငယ်တွေပဲ အဖိုးကြီးတွေ မပါဘူး။ ရှေးရိုးသိပ်စွဲနေတဲ့ အစွဲကြီးတဲ့ လူတွေ မဟုတ်ဘူး။ အဲဒါတွေ ဖြေရှင်းနိုင်မယ်လို့ ကျနော်ယုံကြည်ပါ တယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့ကိုတွေ့ရစဉ်

ချင်းပြည်နယ်ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ချင်းညီနောင်ကို AA က စစ်ရေး အကူအညီများ ပေးနေသလို ချင်းပြည်နယ်အတွင်းမှာ AA နှင့် ချင်းညီနောင်တို့ ပူးတွဲစစ်ရေး ဖော်ဆောင်မှုများ ရှိခဲ့ သည်။

ထို့နောက် AA၊ ချင်းညီနောင်ပူးပေါင်းအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အကြား ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် မတူပီမြို့တိုက်ပွဲအပြီး ဒဏ်ရာရ ရဲဘော်စာရင်း ကောက်ယူရန်အတွက် စစ်ရေးတာဝန်များ ထမ်းဆောင် နေသည့် AA တပ်ဖွဲ့ဝင် ၂ ဦးကို CNF က ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လိမ်လည် ထွက်ဆိုခိုင်းစေသည်ဟု ချင်းညီနောင်က ယခုလ ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။

AA နှင့် ချင်းညီနောင်တို့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်လာသည့် အချိန်တွင် CNF က လူမျိုးရေး စောင်းပေးပြီး တိုက်ခိုက်လာကြောင်း စည်းလုံးညီညွတ်သော တိုင်ရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့ကိုတွေ့ရစဉ်

၎င်းက “တချို့ ကိစ္စရပ်တွေက ဘယ်လိုခေါ်မလဲ သူတို့သည် တော်လှန်ရေးအဖွဲ့အစည်းဖက်မှာ ရှိတယ်ဆိုပေမယ့် တကယ်ရော စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် တကယ်လိုလားလားဆိုတဲ့ဟာမျိုး မေးခွန်းတွေ မေးစရာ ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ CNF တို့ ဘာတို့ ဆိုတာလည်း ချင်းထဲမှာ တော်လှန်ရေးထဲမှာ တော့ ဒီအဖွဲ့ကတော့ သက်တမ်းရှည်ကြာနေတဲ့ အဖွဲ့အစည်း တစ်ခုအနေနဲ့ ကျနော်တို့ကတော့ သိပါတယ်။ ကျနော့်အနေနဲ့ သိတယ်။ တစ်ဖက်မှာလည်း သူတို့သည် ငြိမ်းချမ်းရေး ထိုးတဲ့အထဲမှာလည်း သူတို့ ပါခဲ့တယ်။ အခု တစ်ခါ ဒီဖက်မှာ တော်လှန်ရေးအဖွဲ့ခေါ်တဲ့ NUG အစိုးရထဲမှာလည်း သူတို့ ပါနေတယ်။ ဆိုတော့ သူက ဘက်ပေါင်းစုံ ကနေပြီးတော့ ပူးပေါင်းပါဝင်တာ အဲဒီလို ဖြစ်နေတယ်။ အခု ULA/AA နဲ့ လူငယ် PDF ချင်းညီနောင် အဖွဲ့တွေနဲ့ တွဲလာတဲ့ အခါမှာ သူတို့က လူမျိုးရေးကို အထူးသဖြင့် လူမျိုးရေးကို စောင်းပေးပြီးတော့ တိုက်ခိုက်လာ တဲ့ သဘောမျိုးလို့ ကျနော်တို့ကတော့ အဲဒီလို မြင်မိပါတယ်” ဟု ပြောသည်။

နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာမှုနှင့်အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချင်း ချင်း၊ နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေး ယန္တရားအားပြိုင်မှု ပိုမိုဖြစ်ပေါ်လာခဲ့သည်။

အဆိုပါ နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေး အားပြိုင်မှုမှတဆင့် ဖြစ်ပေါ်လာသော ပြဿနာများကို တွေ့ဆုံ ဆွေးနွေးခြင်းဖြစ် ဖြေရှင်းရန် တိုက်တွန်းမှုများ ရှိနေသည်။