CNI International News

တိုကျို၊ သြဂုတ် ၁၃

ပြီးခဲ့သည့်လက လာအိုနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေးများတွင် အရှေ့တောင်အာရှ၌ ပထဝီ နိုင်ငံရေး အခင်းအကျင်းများ  ပြောင်းလဲမှုရှိနေသည့် အနေအထားကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ဇူလိုင် ၂၇ ရက်က အဆုံးသတ်ခဲ့သည့် သုံးရက်ကြာ အာဆီယံဖိုရမ်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ ဂျပန်၊ အမေရိကန်၊ အန္ဒိယနှင့် ဥရောပသမဂ္ဂတို့ အပါအဝင် အင်အားကြီးနိုင်ငံများမှ ထိပ်သီးသံတမန်များ တက်ရောက်ခဲ့ သည်။

ထိုအစည်းအဝေးများအတွင်း အာဆီယံသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရာတွင် ၎င်းတို့အဖွဲစည်း၏ သြဇာလွှမ်းမိုးမှုကို ပြသရန် ဆန္ဒစောနေခဲ့ပုံပေါ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

မလေးရှား၀န်ကြီးချုပ်ကို တွေ့ရစဉ်

ထို့ပြင် အာဆီယံနိုင်ငံများအကြား အမေရိကန်နှင့် ဥရောပနိုင်ငံများ ဦးဆောင်သည့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) နှင့် တရုတ်နှင့်ရုရှား ဦးဆောင်သော BRICS အဖွဲ့အကြား မည်သည့်အဖွဲ့ကို ဝင်ရောက်ရမည်ဆိုသည့် အချက်နှင့်ပတ်သက်ပြီး သဘောထားများ ကွဲလွဲခဲ့သည်ဟုလည်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

အထူးသဖြင့် အာဆီယံကို အဓိကထူထောင်သည့် နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားနိုင်ငံများ သည် မတူကွဲပြားသည့် ရည်မှန်းချက်များ ရှိနေကြသည်။

မလေးရှားနိုင်ငံသည် BRICS အဖွဲ့ထဲဝင်ရန် လျှောက်ထားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံကမူ OECD အဖွဲ့ထဲဝင်ရန် လျှောက်ထားခဲ့သည်။ ထိုင်းနိုင်ငံကမူ OECD နှင့် BRICS အဖွဲ့ နှစ်ဖွဲ့စလုံးထဲသို့ ဝင်ရန် လျှောက်ထားခဲ့သည်။

OECD သည် အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံပါရှိသည့် နိုင်ငံတကာ အစိုးရအချင်းချင်း ဆက်သွယ် ဆောင်ရွက်သည့် အဖွဲ့ဖြစ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးကို လှုံ့ဆော်ရန်အတွက် ၁၉၆၁ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 OECD အဖွဲ့၀င် နိုင်ငံများကိုတွေ့ရစဉ်

OECD အဖွဲ့ဝင် နိုင်ငံအများစုသည် ဝင်ငွေမြင့်မားသည့် နိုင်ငံများဖြစ်ပြီး လူထု ဖွံ့ဖြိုးတိုးတက်ရေး ညွှန်းကိန်းတွင် အလွန်မြင့်မားသည့် အဆင့်တွင် ရပ်တည်နေသည့် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည်။

OECD သည် ဥရောပ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (OEEC) ကို ပြောင်းလဲဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

BRICS အဖွဲ့ကိုမူ ၂၀၀၆ ခုနှစ်က ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကလည်း ပါဝင်လာခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ယူအေအီးနှင့် အီရန်တို့ အပါအဝင် နောက်ထပ် ၄ နိုင်ငံ ထပ်မံ ပါဝင်လာခဲ့ပြီး စုစုပေါင်း အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံအထိရှိလာခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း၏ နယ်နိမိတ်သည် ကမ္ဘာ့ကုန်းပြင် နယ်နိမိတ်၏ ၃၀ ရာခိုင်နှုန်းရှိပြီး ကမ္ဘာလုံးဆိုင်ရာ လူဦးရေ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းရှိသည်။

Source: Nikkei Asia