CNI International News

ဆိုးလ်၊ သြဂုတ် ၁၃

မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများကို ဟန့်တားရန်အတွက် ပူးတွဲစွမ်းဆောင်ရည်များကို မြှင့်တင်ရန် တောင်ကိုရီးယားနှင့် အမေရိကန်တို့က လာမည့်သီတင်းပတ်မှစပြီး နှစ်စဉ်ပြုလုပ်နေကြ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုများကို မြောက်ကိုရီးယားက  ပြင်းထန်စွာ ဝေဖန်နိုင်ဖွယ်ရှိသည်။

ယခင်ကလည်း မြောက်ကိုရီးယား သည် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော် တိုက်ခိုက်ရန် အစမ်းလေ့ကျင့် ပြင်ဆင်နေမှုများအဖြစ် ခိုင်းနှိုင်းပြောဆိုခဲ့သည်။

ယခုနှစ်၏ Ulchi Freedom Shield အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို သြဂုတ် ၁၉ ရက်မှ သြဂုတ် ၂၉ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဒုံးကျည်များ၊ ဂျီပီအက်စ် နှောင့်ယှက်မှုနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကဲ့သို့ ခြိမ်းခြောက်မှုများကို တန်ပြန်သည့် ကွန်ပျူတာသရုပ်ဖော် လေ့ကျင့်မှုများအပြင် ကျည်အစစ်များဖြင့် စစ်ရေး လေ့ကျင့်မှုများကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန် စစ်ဘက်အရာရှိများက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်

ထို့ပြင် ဖျက်အားပြင်း လက်နက် (WMD) များကို ဟန့်တားရန်နှင့် ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်မှုများ၊ ပူးတွဲ စွမ်းဆောင်ရည်များအား မြှင့်တင်ရန်လည်း ရည်ရွယ်ထားကြောင်း နှစ်နိုင်ငံစစ်ဘက်အရာရှိများက ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်သား ၁၉,၀၀၀ ခန့် ပါဝင်မည်ဖြစ်ပြီး တောင်ကိုရီးယားကို ကာကွယ်ရန် အင်အားခိုင်မာ တောင့်တင်းသည့် ကာကွယ်ရေး အနေအထားကို ထိန်းသိမ်းရန် ရည်ရွယ်ထား ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီဆန်ဂျွန်း (Lee Sung Joon) က ပြောကြားခဲ့သည်။

တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ရိုင်ယန် ဒေါ်နယ် (Ryan Donald) ကမူ ထိုစစ်ရေး လေ့ကျင့်မှုများအတွင်း အမေရိကန်စစ်သား မည်မျှ ပါဝင်မည်ဆိုခြင်းကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှုမှာ တွေ့ရတဲ့ တိုက်လေယာဉ်များ

အမေရိကန်သည် မကြာသေးမီ လများအတွင်း တောင်ကိုရီးယားနှင့် ဂျပန်တို့တွင် လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စု၊ ရေငုပ်သင်္ဘောများနှင့် တာဝေးပျံသန်းနိုင်သည့် ဗုံးကြဲလေယာဉ် များကို ဖြန့်ကြက်ချထားခဲ့သည်။

ယခုလအတွင်း ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ ဒုံးကျည်ခြိမ်းခြောက်မှုများကဲ့သို့ နယ်ပယ်ကဏ္ဍအသီးသီးတွင် ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုများကို တန်ပြန်ရန်ဖြစ်သည်။

ထို့နောက် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကို သင်ခန်းစာယူပြီး အသုံးချသွားမည်ဖြစ်ကြောင်း ဒေါ်နယ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နယ်ပယ်ကဏ္ဍ အသီးသီးတွင် ပူးတွဲလေ့ကျင့်မှုများကို ပြုလုပ်မည် ဖြစ်ပြီး နှစ်နိုင်ငံအကြား ပူးတွဲဆောင်ရွက်သည့် စွမ်းဆောင်ရည်ကို မြှင့်တင်သွားမည် ဖြစ်ကြောင်းလည်း ဒေါ်နယ်က ပြောကြားခဲ့သည်။

Source: AP