CNI International News

ဘန်ကောက်၊ သြဂုတ် ၁၃

ထိုင်းအစိုးရသည် နိုင်ငံအတွင်း ဖျော်ဖြေရေးဇုန်များအဖြစ် သတ်မှတ်ထားသည့် နေရာများ၌ ကာစီနိုရုံများကို တရားဝင်ဖွင့်ခွင့်ပြုမည့် ဥပဒေမူကြမ်းကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အစိုးရသတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဖျော်ဖြေရေးဇုန်အက်ဥပဒေကို အပြီးသတ် မူကြမ်းရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုဥပဒေမူကြမ်းကို ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းရေးအတွက် ပြည်သူများ၏ ပါဝင်မှုရှိစေရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပေဒ၏ ပုဒ်မ ၇၇ အရ လူထု၏ သဘောဆန္ဒခံယူမှုကို ပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်သူလူထု၏ တုန့်ပြန်မှုနှင့်အတူ ထိုဥပဒေကို ထည့်သွင်းစဉ်စားရန်အတွက် အစိုးရအဖွဲ့အား တင်ပြ မည်ဖြစ်ပြီး အစိုးရအဖွဲ့ကလည်း ယခင်ကတည်းက ကာစီနိုရုံများ အပါအဝင် ဖျော်ဖြေရေးဇုန်များ တည်ထောင်ရေး ကို ထောက်ခံကြောင်း ပြောကြားခဲ့ဖူးသည်။

ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကုန်သွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) ကမူ ညွန့်ပေါင်းပါတီများ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် အစိုးရအိမ်တော်တွင် လစဉ်အစည်းအဝေး ကျင်းပသွားမည်ဟု ပြောကြားခဲ့သည်။

ကာစီနိုရုံကို တွေ့ရစဉ်

ထိုအစည်းအဝေးအတွင်း လောင်းကစားလုပ်ငန်းကို စည်းကမ်းသတ်မှတ်ရေးနှင့် ကာစီနိုရုံများအား တရားဝင် ခွင့်ပြုရေးတို့အတွက် ရေးဆွဲထားသည့် ဖျော်ဖြေရေးဇုန် တည်ထောက်ရေး ဥပဒေမူကြမ်းကို ဆွေးနွေးသွားမည်ဟု မစ္စတာ ဖွမ်သမ်က ပြောကြားခဲ့သည်။

ထိုဥပဒေမူကြမ်းတွင် ဖျော်ဖြေရေးဇုန်များ တည်ထောင်ရေးနှင့် ထိုဇုန်များအတွင်း ကာစီနိုရုံများကို တရားဝင် လုပ်ငန်း လုပ်ကိုင်ခွင့်ပေးသည့် အကြောင်းရင်းများအား ဖော်ပြထားသည်။

ထိုကဲ့သို့ ကာစီနိုရုံများကို တရားဝင် ခွင့်ပြုခြင်းဖြင့် နိုင်ငံ၏ ခရီးသွားကဏ္ဍတွင် ကြီးမားသည့် အကျိုးရလဒ်များ ပေါ်ပေါက်လိမ့်မည်ဖြစ်ပြီး ဖျော်ဖြေရေး လုပ်ငန်းများသည် ခရီးသွားများ၏ ငွေကြေးသုံးစွဲမှုကို ပိုမိုမြင့်တက် စေလိမ့်မည်ဖြစ်ကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

ထိုဥပဒေမူကြမ်း၏ ပုဒ်မ ၆၅ အရ ဖျော်ဖြေရေးရုံများ လုပ်ငန်းလည်ပတ်ရန်အတွက် နှစ်ပေါင်း ၃၀ သက်တမ်းရှိ သည့် လိုင်စင်ကို လျှောက်ထားရယူရန် လိုအပ်မည်ဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်