CNI International News

တိုကျို၊ဩဂုတ် ၁၂

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည် ဗဟိုအာရှသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် ဒေသတွင်း ဂျပန်၏ သံတမန်ဆက်ဆံရေးစွမ်းဆောင်ရည် ကျဆင်းလာမည့် အခြေအနေကို ဂျပန်အစိုးရအဖွဲ့နှင့် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီတို့အကြား စိုးရိမ်မှုများ မြင့်တက်နေသည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

ကီရှီဒါသည် ကာဇက်စတန်၊ ဥဇဘတ်ကစ္စတန်နှင့် မွန်ဂိုလီးယားနိုင်ငံများကို ဩဂုတ် ၉ ရက်မှစပြီး ၄ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဂျပန်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သဖြင့် ဂျပန်မိုးလေဝသ အေဂျင်စီက ဩဂုတ် ၈ ရက်တွင် အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် ကီရှီဒါက ၎င်း၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ကီရှီဒါသည် ပြည်တွင်းတွင် ငလျင်အန္တရာယ်ကို တုန့်ပြန်ဆောင်ရွက်ရန်အတွက် ဦးစားပေးခဲ့သဖြင့် ထိုခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် အာဏာရပါတီတို့မှ တာဝန်ရှိသူအများစု လက်ခံပေးကြသော်လည်း တရုတ်နှင့် ရုရှားတို့၏ နောက်ကျောဘက်တွင်ရှိနေသည့် ဗဟိုအာရှဒေသ၌ ဂျပန်၏ ဩဇာလွှမ်းမိုးမှုကို မြှင့်တင်နိုင် မည့် အခွင့်အလမ်းနှင့် လွဲချော်သွားခြင်းဖြစ်ကြောင်း ယူဆသူအချို့လည်း ရှိခဲ့သည်။

"ကျနော့်ရဲ့ ခရီးစဉ်အတွက် အချိန်မီ ပြန်လည်စီစဉ်သွားမှာပါ။ ဗဟိုအာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်မယ့် ကျနော့်ရဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲမှာ မဟုတ်ပါဘူး" ဟု ကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂျပန်၀န်ကြီးချုပ် ကီရှီဒါကို တွေ့ရစဉ်

ရုရှားသည် ဗဟိုအာရှနိုင်ငံများဖြစ်သည့် ကာဇက်စတန်၊ ဥဇဘတ်ကစ္စတန်၊ တာဂျကစ္စတန်နှင့် တာ့ခ်မင်နစ္စတန် တို့နှင့် သမိုင်းဝင် ဆက်ဆံရေးရှိပြီး တရုတ်သည်လည်း မကြာသေးမီ နှစ်များအတွင်း ဗဟိုအာရှဒေသတွင် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ခဲ့သည်။

တာ့ခ်မင်နစ္စတန်နိုင်ငံမှလွဲပြီး ကာဇက်စတန်၊ ဥဇဘတ်ကစ္စတန်၊ တာဂျကစ္စတန်၊ ကာဂျစ္စတန်တို့သည် တရုတ်နှင့် ရုရှားတို့ ဦးဆောင်သည့် ရှန်ဟိုင်းပူပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)တွင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။

ဆွေးနွေးပွဲမူဘောင်များ ထူထောင်ခဲ့သည့် အနှစ် ၂၀ ပြည့် အထိန်းအမှတ်အဖြစ် ကာဇက်စတန်တွင် ပြုလုပ်မည့် ဂျပန်နှင့် ဗဟိုအာရှနိုင်ငံများအကြား ပထမဆုံးအကြိမ် အစည်းအဝေး၌ ကီရှီဒါသည် ဗဟိုအာရှနိုင်ငံများနှင့် တရုတ်၊ ရုရှားအကြား ကွာဟချက်များကို ကြီးမားစေရန် ရည်ရွယ်ခဲ့သည်။

ထို့ပြင် ကီရှီဒါသည် ဂျပန်ကုမ္ပဏီ ၅၀ ခန့်မှ တာဝန်ရှိသူများကို ဗဟိုအာရှခရီးစဉ်တွင် ၎င်းနှင့်အတူ လိုက်ပါရန်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် မျှော်လင့်ခဲ့သည်။

သို့သော် ဩဂုတ် ၈ ရက်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း မီယာဇာကီ (Miyazaki) စီရင်စုနယ်တွင် ရစ်ချ်တာ စကေး ၇ ဒသမ ၁ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကီရှီဒါသည် ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သဖြင့် ထိုအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိပေ။

Source: Japan Times