CNI International News

စင်္ကာပူ၊ ဇွန်လ ၁

ဂျပန်နိုင်ငံသည် စစ်ဝါဒီဆန်သည့် အတိတ်သမိုင်းကြောင်းကို ပြန်လည် အသက်သွင်း နေသည်ဆိုသည့် သုံးသပ် ချက်များကို ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ (Shinjiro Koizumi) က ငြင်းပယ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

မိမိတို့၏ ကာကွယ်ရေး မဟာဗျူဟာကို ပြောင်းလဲ ပြင်ဆင်ခြင်းသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တစ်ခုတွင် ပါဝင်လာနိုင်ရန် အခွင့်အရေး ရရှိစေလိမ့်မည်ဖြစ်ကြောင်း ကိုအီဇူမီက မေလ ၃၁ ရက်၌ စင်္ကာပူနိုင်ငံမှာ ကျင်းပနေသည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်အစိုးရ အနေဖြင့် လက်နက် အားကိုး၍ဖြစ်စေ၊ အကျပ်ကိုင်၍ဖြစ်စေ လက်ရှိ အခြေအနေကို တစ်ဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

၎င်း၏ ပြောကြားချက်သည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့ အပါအဝင် တရုတ်၏ လှုပ်ရှား မှုများနှင့် ထိုင်ဝမ်အား တရုတ်ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရန် စစ်ရေးအရ အရေးယူ ဆောင်ရွက်လာနိုင် ခြေ ရှိမှုတို့ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီကို တွေ့ရစဉ်

“ဘယ်နိုင်ငံမဆို ကိုယ့်အနာဂတ်ကို ကိုယ့်အစီအစဉ်၊ ကိုယ့်ဆန္ဒအတိုင်း ရွေးချယ်ပိုင်ခွင့် ရှိရပါမယ်။ ပြီးတော့ ကျနော်တို့ အတူတကွ သဘောတူထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေကို လေးစားလိုက်နာတဲ့ ဘယ်နိုင်ငံ အတွက်မဆို ဒီဒေသဟာ အမြဲတမ်း ပွင့်လင်း လွတ်လပ်နေရပါမယ်”ဟု ကိုအီဇူမီက ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ယင်းပြောကြားချက်များသည် မည်သည့်နိုင်ငံကို ရည်ရွယ်သည်ဆိုခြင်းကို အတိအလင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ လွှတ်တော် တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခဖြစ်ပွားပါက ဂျပန်နိုင်ငံ၏ ရပ်တည်ရှင်သန် မှုကို ခြိမ်းခြောက်ရာ ရောက်နိုင်ကြောင်း၊ ထိုအခြေအနေသည် ဂျပန်စစ်တပ် အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် လုံလောက်သော အကြောင်းပြချက် ဖြစ်သည်ဟု အရိပ်အမြွက် ပြောကြားခဲ့ပြီးကတည်းက တရုတ်နှင့် ဂျပန်နိုင်ငံ ကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

ထို့ပြင် တာကာအီချီ အစိုးရသည် ဂျပန်စစ်တပ်အား ပိုမို သက်ဝင်လှုပ်ရှားမှုရှိသည့် စစ်ရေး ရပ်တည်ချက်ကို ရယူ နိုင်ရန်အတွက် နိုင်ငံ၏ မူဝါဒများကို ပြင်ဆင်ရန် တွန်းအားပေး လုပ်ဆောင်နေသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီကို တွေ့ရစဉ်

ထို့ကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ကျူးကျော်စစ်ကို ဖြစ်ပေါ်စေခဲ့သည့် စစ်ဝါဒီ အတွေးအခေါ်ကို ပြန်လည် အသက်သွင်းခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

ပြီးခဲ့သည့်လက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီး စစ်သင်္ဘောများ စေလွှတ်ရန် ဂျပန်အစိုးရ၏ ဆုံးဖြတ် ချက်ကိုလည်း တရုတ်အစိုးရက ကန့်ကွက်ခဲ့သည်။

မေလ ၃၁ ရက်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ကိုအီဇူမီက တရုတ်နိုင်ငံကို ရည်ညွှန်းသည့် သဘောဖြင့် ဂျပန်နိုင်ငံတွင် နျူကလီးယား လက်နက်လည်းမရှိ၊ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များလည်း မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“နျူကလီးယား လက်နက်တွေနဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ရှိပါတယ်။ ဂျပန်နိုင်ငံမှာတော့ အဲဒီလို လက်နက်မျိုး တစ်ခုမှ မရှိပါဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံကိုကျတော့ စစ်ဝါဒီ အသစ်လို့ တံဆိပ်ကပ်နေကြတယ်။ ဒါဟာ မထူးဆန်းဘူးလား”ဟု ကိုအီဇူမီက ပြောကြားခဲ့သည်။

Source: South China Morning Post