CNI International News

တိုကျို၊ ဇူလိုင် ၆

ဂျာမနီ၊ ပြင်သစ်၊ စပိန်တို့ အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်အကြား ဇူလိုင် ၁၉ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည့် ပထမဆုံးအကြိမ် ပူးတွဲလေကြောင်းတိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုကို တရုတ်က စိုးရိမ်နေကြောင်း Truth MV သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်ဒိုး (Hokkaido) ကျွန်းအနီးဝန်းရှိ လေပိုင်နက်များအတွင်း ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် "အာရှ-ပစိဖိတ် နေတိုးပုံစံ" ကို မြှင့်တင်သည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်အစိုးရ၏ Global Times သတင်းစာက ဖော်ပြခဲ့သည်။

ဂျပန်သည် အမေရိကန်၏ ကြိုးကိုင်မှုအောက်တွင် ဂျာမနီ၊ ပြင်သစ်၊ စပိန်တို့နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟုလည်း ထိုသတင်းစာက ဖော်ပြခဲ့သည်။

ဂျပန်လေတပ်နှင့်အတူ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ဂျာမနီ၊ ပြင်သစ်နှင့် စပိန်နိုင်ငံများမှ စစ်လေယာဉ် အစင်း ၃၀ ကျော်သည် ယခုလအတွင်း ဂျပန်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး မီနိုရူ ကီဟာရာ (Minoru Kihara) က ပြောကြားခဲ့ကြောင်း Japan Times သတင်းစာမှ ဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်များကို ဖော်ပြလေ့ရှိသည့် Global Times သတင်းစာကမူ ထိုစစ်ရေးလေ့ကျင့် မှုများသည် ဒေသတွင်း နေတိုးတပ်ဖွဲ့များ ပေါင်းစည်းမှုနှင့် အမေရိကန်၊ ဂျပန်တို့နှင့်အတူ ပူးတွဲစစ်ရေး လေ့ကျင့်မှု များကို ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

တရုတ်အလံကို တွေ့ရစဉ်

စစ်ရေးလေ့ကျင့်မှုများကို နှစ်ပိုင်းခွဲပြီး ပြုလုပ်သွားမည်ဖြစ်သည်။

ပထမအပိုင်းကို အီဘာရာကီ (Ibaraki) စီရင်စုနယ်ရှိ ဟာယာကူရီ (Hyakuri) လေတပ်စခန်းတွင် ဂျပန်လေတပ် နှင့် ပြင်သစ်တို့က ဇူလိုင် ၁၉ ရက်မှ ၂၀ ရက်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်သည်။

ဒုတိယအပိုင်းကို ဟော့ကိုင်းဒိုးကျွန်းပေါ်ရှိ ချီတိုဆဲ (Chitose) လေတပ်စခန်းအနီးတွင် ဂျပန်လေတပ်နှင့် ဂျာမနီ၊ စပိန် လေတပ်တို့က ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်တွင်း ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်၏ F-15 နှင့် F-2 တိုက်လေယာဉ်များ ဂျာမနီ၏ Eurofighter ၊ A400M ၊ A330 MRTT နှင့် A321 လေယာဉ်များ၊ ပြင်သစ်၏ Rafale ၊ A400M နှင့်  A330 MRTT လေယာဉ်များနှင့် စပိန်၏  Eurofighter ၊ A400M လေယာဉ်များ ပါဝင်မည်ဖြစ်သည်။  

ဂျပန်နှင့်  နေတိုး အဖွဲ့ဝင်များအကြား ပထမဆုံးအကြိမ် ပြုလုပ်မည့် ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပြင်သစ်စစ်မှု ထမ်း ၂၆၀၊ ဂျာမနီ စစ်မှုထမ်း ၁၈၀၊ ဂျပန်စစ်မှုထမ်း ၁၅၀ လည်း ပါဝင်မည်ဖြစ်သည်။

Source: Truth MV