CNI International News

ဘန်ကောက်၊ ဇူလိုင် ၆

ထိုင်းနိုင်ငံတွင် ပြင်ဆင်ရေးသားထားသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမူကြမ်းသည် နိုဝင်ဘာလထဲတွင် ဥပဒေ အဖြစ် အသက်ဝင်လာသင့်ကြောင်း ထိုဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ဖွဲ့စည်းထားသော အောက်လွှတ်တော် အထူး ကိုယ်စားလှယ်အဖွဲ့၏ အတွင်းရေးမှူး နစ်ခွန်း ချမ်နွန် (Nikorn Chamnong) က ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့ ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးသားရန် အဆိုပြုထားသည့် အစီအစဉ်နှင့်ပတ်သက် ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ၃ ကြိမ် ပြုလုပ်မည်ဖြစ်သည်။

ထို့နောက် ပထမအကြိမ် ဆန္ဒခံယူပွဲကို ယခုနှစ် ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည်။

ဥပဒေမူကြမ်း အသက်ဝင်မည့် အချိန်ကာလကို ဇူလိုင် ၄ ရက်က ပြုလုပ်ခဲ့သည့် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်း၀န်ကြီးချုပ် ဆရီသာကို တွေ့ရစဉ်

ပထမအကြိမ် ဖတ်ရှုပြီးစီးခဲ့သည့် ထိုဥပဒေမူကြမ်းကို စိစစ်တည်းဖြတ်ရသည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ကုန်ပိုင်းတွင် စိစစ်ပြင်ဆင်မှုများကို အပြီးသတ် လုပ်ဆောင်မည်ဖြစ်ပြီး ၂၀၂၁ ဆန္ဒခံယူပွဲ  အက်ဥပဒေ၏ အပုဒ်ခွဲ ၉ ပုဒ်ကို ပြင်ဆင်မှုများ ပါဝင်သည့် ဥပဒေမူကြမ်းကို ဒုတိယနှင့် တတိယအကြမ်မြောက် ထပ်မံဖတ်ရှု စစ်ဆေးသွား မည်ဖြစ်သည်။

ဇူလိုင် ၄ ရက်က ပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးမှာပင် အောက်လွှတ်တော် အထူးကိုယ်စားလှယ်အဖွဲ့က King Prajadhipok အင်စတီကျူ၏ အတွင်းရေးမှူးချုပ် ဝတ်သီဆန် တန်ချိုင်း (Wutthisarn Tanchai) ကို ကိုယ်စားလှယ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်ဟု နစ်ခွန်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ အကြံပေးပုဂ္ဂိုလ် ချိုင်ကာဆမ် နီတီသီရိ (Chaikasem Nitisiri) သည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေမူကြမ်း ရွေးချယ်ရေးကော်မတီ၏ ဒုဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံခဲ့ရ သည်။

အတိုက်အခံ Move Forward ပါတီ (MFP) ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ပါရစ် ဝါချာရာဆင်ဒူ (Parit Wacharasindhu) က ဧပြီ ၂၃ ရက်တွင် အစိုးရအဖွဲ့က အတည်ပြုခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက် သည့် မေးခွန်းတစ်ခုကို ပြောင်းလဲဖို့  လွှတ်တော်ဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ခု ထုတ်ပြန်ရန် ကြိုးပမ်းသည့်အနေဖြင့် အဆိုပြုချက်တစ်ခုအား တင်သွင်းခဲ့သည်။

ထိုင်းပြည်သူတွေ ဒီမိုကရေစီတောင်းဆိုနေကြစဉ်

ထိုမေးခွန်းမှာ ဖွဲ့စည်းပုံ၏ အခန်း ၁ နှင့် အခန်း ၂ ကို ပြင်ဆင်ခြင်းမပြုဘဲ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲရန် အဆိုပြုမှုကို လူထုက လက်ခံမည် ဟုတ်၊ မဟုတ်ဆိုသည့် မေးခွန်းဖြစ်သည်။

အခန်း ၁ တွင် ထိုင်းနိုင်ငံကို ဒီမိုကရေစီ အစိုးရနှင့်အတူ တုနှိုင်းမရသည့် ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံအဖြစ် ဖော်ပြထားပြီး ဘုရင်ကို နိုင်ငံခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည်။

အခန်း ၂ တွင် တော်ဝင်မိသားစု၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ဥပဒေပုဒ်မများကို သတ်မှတ်ဖော်ပြထားသည်။

Source: ဘန်ကောက်ပို့စ်